Friday, 23 December 2011

တက္ကသိုလ်ဆိုင်ရာ ဝေါဟာရ ဘာသာပြန်အစ

 တိုက်စိုး

ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ် စာစောင် အပိုင်း (၁)
၁၉၉၅ ခု ဒီဇင်ဘာလ ၊ စာမျက်နှာ ၁၉ - ၂၁ ။

ရန်ကုန် ယူနီဗာစီတီကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် တည်ထောင်ခဲ့ရာ ရှေးဦးစွာ ယူနီဗာစီတီကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်နှစ်ခုသည် အပေါင်းပါ ကောလိပ်များအဖြစ် ပါဝင်ကြသည်။ နောင်သော် မန္တလေးရှိ အင်တာမိဒိယိတ်ကောလိပ် (မန္တလေးဥပစာကောလိပ်) ၊ စိုက်ပျိုးရေးကောလိပ်၊ ဆေးကောလိပ်၊ ဆရာဖြစ်သင်ကောလိပ် စသည်များ ထပ်မံ တိုးပွားလာလေသည်။

ထိုစဉ်က ရုံးသုံးဘာသာစကားသည် အင်္ဂလိပ်ဘာသာ ဖြစ်လေသည်။ အခြေခံ အထက်တန်းကျောင်း၊ အထက်ဆင့်သင်တန်း၊ ကောလိပ်သင်တန်းများတွင်လည်း ဘာသာအရပ်ရပ်အတွက် သင်ကြားရေး မဏ္ဍိုင်သည် (မြန်မာဘာသာစာပေမှလွဲ၍) အင်္ဂလိပ်ဘာသာသာ ဖြစ်သည်။ ထိုအခါ ယူနီဗာစီတီဆိုင်ရာ အဖွဲ့အစည်းအမည် ၊ ရာထူးအမည် ၊ ဘာသာရပ်အမည်များလည်း အင်္ဂလိပ်ဘာသာဖြင့်သာ အတည်တကျ ဖြစ်နေကာ အရေး အပြောလည်း များလေသည်။ ထိုဝေါဟာရများကို မြန်မာပြုရန် ထုံ့ပိုင်းထုံ့ပိုင်း အားထုတ်မှုကား ရှိသလောက် ရှိခဲ့လေသည်။ နောင်အခါ လူအမည်ရှေ့က 'သခင်' ၀ိသေသ တပ်လာမည့် ယူနီဗာစီတီကောလိပ်ကျောင်း ဘာသာပြန် ကျူတာ ဦးဘသောင်းသည် သူ၏ '၀ိဇ္ဇာပညာ - အံ့ဖွယ်ရာ' စာတမ်းတွင် Science ကို ဝိဇ္ဇာပညာ ဟု မြေစမ်းခရမ်းပျိုး မြန်မာပြန်ခဲ့ဖူး၏။ ဤသည်မှာ တစ်ဦးတည်း အားထုတ်မှုဖြစ်၍ အများသဘော အများလက်ခံ မခံ မသိရ ဖြစ်သည်။ တစ်ဖန် မြန်မာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ယူနီဗာစီတီ အကြောင်း၊ ကောလိပ်အကြောင်း ရေးသားကြသည့်အခါ မဟာသိပ္ပံကျောင်းတော်ကြီး ဟူ၍သော် လည်းကောင်း၊ သိပ္ပံကျောင်းတော်ကြီး ဟူ၍သော်လည်းကောင်း ခပ်ရောရော သုံးနှုန်းတတ်ကြ၏။ ဤသည်မှာ စကားလုံး မခိုင်မြဲသည့် သဘောပင်ဖြစ်သည်။

ဤအဖြစ်ကို ရန်ကုန် ယူနီဗာစီတီမှ ဦးဖေမောင်တင်စသော ဆရာများက ဘ၀င်မကျ။ အင်္ဂလိပ်ဝေါဟာရများကို အတည်တကျ မြန်မာပြန်ဆိုထားသင့်သည်ဟု သဘောရလေသည်။ သို့ရာတွင် မိမိတို့ချည်းသာ မဟုတ်ဘဲ ယူနီဗာစီတီ ပြင်ပမှ ပညာရှင်များ၊ ဗဟုသုတ အတွေ့အကြုံ ရှိသူများပါ ပူးပေါင်းဆောင်ရွက်စေလိုသော ဆန္ဒရှိကြလေသည်။


ဟုတ်သည်။ ယူနီဗာစီတီ ပရ၀ဏ် ပြင်ပတွင် ဘာသန္တရ ကျွမ်းကျင်သူများ ရှိသလောက် ရှိလေသည်။ သာဓကအားဖြင့် ၀တ်လုံတော်ရ ဦးသိမ်းမောင်သည် ကာလကတ္တား ယူနီဗာစီတီ ပါဠိဘာသာ ပထမတန်း ဂုဏ်ထူးဖြင့် ဘီအေအောင်ခဲ့သည့်အပြင် ရွှေတိဂုံစေတီ ဂေါပကလူကြီး တာဝန်ယူနေသူဖြစ်သည်။ ဆရာရိပ်သည် အစိုးရ စာတော်ပြန်ဌာနတွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သည့်အပြင် မြန်မာနိုင်ငံ သုတေသန အသင်းအတွက် ပဉ္စပါပီရကန် ကို တည်းဖြတ်ခဲ့သူဖြစ်သည်။ တစ်ဖန် သတင်းစာ ဂျာနယ် မဂ္ဂဇင်းတိုက်၊ စာပုံနှိပ်တိုက်များတွင် ဦးစီးဦးဆောင် ပြုနေကြသော ပညာရှင်များလည်း ရှိကြသေးသည်။ ကျမ်းစာအုပ်များကို ဦးစားပေးထုတ်ဝေသော ပြည်ကြီးဏ္ဍိုင် စာပုံနှိပ်တိုက်တွင် စာကြီးကြပ်ပေးနေသူမှာ ဆရာညွန့် (နောင်အခါ မဟာပေတ ဝတ္ထုတော်ကြီး ပြုစုသူ) ဖြစ်သည်။ မင်းတိုင်ပင်အမတ် ဦးလွန်း ဦးစီးထုတ်ဝေသော သစ္စ၀ါဒီ သတင်းစာတိုက်တွင် စာကြီးကြပ် ပြင်ဆင်ပေးနေသူမှာ ဆရာတင့် (နောင်အခါ မန္တလေးဥပစာကောလိပ် ဆရာ) ဖြစ်သည်။ နာမည်ကျော် က၀ိမျက်မှန် မဂ္ဂဇင်းတိုက်၌ အယ်ဒီတာချုပ် လုပ်နေသူမှာ ဆရာဝ ဖြစ်သည်။ တိုင်းပြည်မျက်နှာဖုံး ဖြစ်သော မြန်မာ့အလင်း သတင်းစာတိုက်၌ အယ်ဒီတာချုပ် လုပ်နေသူမှာ ဦးစိန်း ဖြစ်သည်။


၁၉၃၀ ပြည့်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ယူနီဗာစီတီကောလိပ် ပင်းယဟော၌ အင်္ဂလိပ် ဝေါဟာရများကို မြန်မာပြန်ဆိုရေး အစည်းအဝေး ကျင်းပလေသည်။ ထိုအစည်းအဝေးသို့ အထက်ဖော်ပြပါ ပုဂ္ဂိုလ်များ တက်ရောက်ကြလေသည်။ ရန်ကုန်ယူနီဗာစီတီဘက်မှ တက်ရောက်သူများကား ဆေးကောလိပ် - အနာတော်မီ ဆရာကြီး ကာနယ်လက်၊ ဂျပ်ဆင်ကောလိပ်မှ မြန်မာဆရာကြီး ဦးထွန်းဖေ၊ ယူနီဗာစီတီကောလိပ် အရှေ့တိုင်းဘာသာရပ်ဌာနမှ ဆရာ ဦးဖေမောင်တင်၊ ဆရာ ကာစင်၊ ဆရာ ဦးလူဖေ၀င်း၊ အဂ္ဂမဟာ ပဏ္ဍိတ ဆရာလင်း၊ ဆရာပွားတို့ ဖြစ်ကြသည်။ ထို့ပြင် ယူနီဗာစီတီကောလိပ်မှ ဘာသာပြန် ကျူတာ (နည်းပြဆရာ) ဦးဘသောင်းလည်း ရောက်ရှိလေသည်။


ထိုအစည်းအဝေး၌ တက်ရောက်သူများ ညှိနှိုင်းတိုင်ပင်ကြပြီးနောက် အဖွဲ့အစည်း အမည်၊ ဌာနအမည်၊ ရာထူးအမည် စသည်များကို ဘာသာပြန်ခဲ့ကြရာ စုစုပေါင်း ပုဒ်ပေါင်း ၆၀ ဖြစ်သည်။ နမူနာမှာ -


University            -   တက္ကသိုလ်
College               -    ကျောင်းတိုက်
Convocation        -     ဘွဲ့နှင်းသဘင်
Chancellor           -     အဓိပတိ
Hall (or Hostel)    -     ကျောင်းဆောင်
B.A                     -     ဝိဇ္ဇာဘွဲ့ရ
B.Sc                    -    သိပ္ပံဘွဲ့ရ
Lecturer              -     ကထိက
Tutor                  -     နည်းပြဆရာ
Demonstrator      -      သရုပ်ပြဆရာ   ......  ဟူ၍ ဖြစ်သည်။


ဤတွင် University ဝေါဟာရကို တက္ကသိုလ်ဟု မြန်မာပြန်ခဲ့ခြင်းနှင့်စပ်၍ အုပ်ချုပ်ရေးဆိုင်ရာဘက်က ကန့်ကွက်သူ ရှိခဲ့လေသည်။ ဖြစ်ပုံမှာ တက္ကသိုလ် ဟူသည် တက္ကသီလာဟူသော ပါဠိ စကား မြန်မာမှု  ပြုထားခြင်းဖြစ်၍ လိုရာဖြည့်ဆည်းခြင်း ဟူ၍ အနက်ထွက်သည်။ ထို တက္ကသီလာ သည် ရှေးခေတ် ကုသန မင်းဆက်များကာလ၌ ကြီးကျယ်သော မင်းနေပြည်တော်ဖြစ်ခဲ့၍ ယခုခေတ် ပါကစ္စတန်နိုင်ငံ နေရာ၌ တည်ရှိနေလေသည်။ ပါဠိဘာသာလာ အနက်နှင့်အညီ တက္ကသီလာတွင် အဌာရသအတတ် ၁၈ ရပ် သင်ပေးသော စာသင်ကျောင်းကြီးရှိ၍ ထိုကျောင်းသို့ အရပ်ရပ်မှ စာသင်သားများ လာရောက် ပညာဆည်းပူးခဲ့ကြသည်။ ဇာတ်ငါးရာ့ငါးဆယ်လာ ပဉ္စ၀ုဓမင်းသားသည် တက္ကသိုလ်ပြည်သို့ ပညာသွားသင်သည်ဆိုရာ ထိုဒေသကို ရည်ညွန်းခြင်းဖြစ်လေသည်။ ဤသို့ဖြင့် တက္ကသိုလ် ဟူသော တည်ပုဒ်သည် စာသင်ကျောင်းရှိရာ မြို့အမည် ဖြစ်နေUniversity ဝေါဟာရနှင့် မကိုက်ညီဟု ကန့်ကွက်ခဲ့ခြင်း ဖြစ်လေသည်။


ထိုကန့်ကွက်ချက်ကို ဆရာဦးဖေမောင်တင်က ပြန်လှန်ချေပပုံကား။ - ရှေးက အင်္ဂလိပ် ဆိုးသွမ်း လူငယ်များကို သူတို့ဆီက  Borstal ရွာသို့ ပို့ကာ ပြုပြင်ထိန်းကျောင်းခဲ့သည်။ နောင်အခါ အကျင့်စာရိတ္တ ပြုပြင်ရေးကျောင်း ပေါ်ပေါက်လာသည့်အခါ ထိုကျောင်းကိုပင် Borstal ကျောင်းဟုပင် တင်စားခေါ်ဝေါ်ခဲ့ပါသည်။ တစ်ဖန် Mackintosh ဆိုသူ၏ ဉာဏ်ဖြင့် တီထွင်ခဲ့သော မိုးကာအင်္ကျီကို Mackintosh ဟုပင် တင်စားခေါ်ဝေါ်ခဲ့ပါသည်။ တစ်ဖန် Macadam ဆိုသူ၏ အကြံအစည် ၀ီရိယဖြင့် ကျောက်လမ်းခင်းခဲ့သည်ကို macadamize လုပ်သည်ဟုပင် တင်စားခေါ်ဝေါ်ခဲ့ပါသည်။ ထို့ကြောင့် ကျောင်းရှိရာ မြို့ကိုလည်း တင်စားတက္ကသိုလ် ဟုခ်ါဝေါ်လိုက်ပါသည် ဟူ၍ဖြစ်သည်။






တိုက်စိုး


* * * * * * * *


External links -


http://en.wikipedia.org/wiki/Borstal


http://en.wikipedia.org/wiki/Mackintosh


http://en.wikipedia.org/wiki/Macadam




ဆရာတိုက်စိုး၏ တက္ကသိုလ်ဆိုင်ရာ ဝေါဟာရ ဘာသာပြန်အစ ဆောင်းပါးအား ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ် စာစောင် အပိုင်း (၁) မှ ကူးယူ ဖော်ပြခွင့် ပြုပါရန် သက်ဆိုင်သူများအား ဤစာဖြင့် ပန်ကြားအပ်ပါသည်။

macadamize ၊ macadam နည်းဖြင့် ကျောက်လမ်းခင်းခြင်း ဆိုသည်မှာ ကျွန်တော်တို့ နိုင်ငံတွင် ပုံမှန် တွေ့မြင်နေကျ လမ်းခင်းနည်းဖြစ်သည့် ကျောက်များကို စီခင်း၍ လမ်းကို အလွှာလိုက် တည်ဆောက်သည့် စနစ် ဖြစ်ပါသည်။



စာစောင် မျက်နှာဖုံး

ကျောဖုံး
http://www.mingalarpar.org/2011/04/blog-post_11.html  မှကူးယူဖော်ပြါသည်

0 comments:

Post a Comment