လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော် (The Art of Freedom Film Festival) သို့ မြန်မာနိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်သည့် ရုပ်ရှင်ကားပေါင်း ၁၈၀ ရှိသော်လည်း ပြည်ပနိုင်ငံများမှ ပေးပို့ယှဉ်ပြိုင်သောဇာတ်ကားများမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စာတိုက်ကြီးမှ ဆက်သွယ်ရေးစည်းကမ်းစနစ်နှင့် အင်တာနက်ကွန်နက်ရှင်တို့ကြောင့် ပြိုင်ပွဲမှ ပယ်ဖျက်ရရန်အခြေအနေ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
“စာတိုက်ကနေတစ်ဆင့်ပို့တာတွေက ဒီဗီဒီတွေဖြစ်နေတဲ့အတွက် ဆင်ဆာကနေတစ်ဆင့်ထုတ်ယူဖို့ စာတိုက်ကြီးက အကြောင်းကြားတယ် ၊ဆင်ဆာကို ဖြတ်နေရင် တစ်လလောက်ကြာမှာမို့ဒီကားတွေက အဆင်မပြေဘူး။ နောက်ပြီး ကိုသူရ စာနယ်ဇင်းရှုင်းလင်းပွဲမှာ ပြောသွားခဲ့တဲ့ အွန်လိုင်းမှာ ၁၆ ကားလောက်ရောက်နေပြီဆိုတာအပြင် နောက်ထပ်ထပ်ပို့ထားတာတွေ ရှိနေပေမယ့် မြန်မာပြည်ကွန်နက်ရှင်အနေအရ ဒေါင်းလော့ဒ်ဆွဲဖို့အဆင်မပြေဘူး။ ဒါကြောင့် ပြည်ပအနေနဲ့က လူကြုံနဲ့ထည့်ပေးလိုက်တဲ့ ဇာတ်ကားလောက်ပဲပါတော့မယ်” ဟု ရုပ်ရှင်ပွဲတော်မှအကဲဖြတ် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆိုသည်။
လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်သို့ ပေးပို့ယှဉ်ပြိုင်သည့် ဇာတ်လမ်းများမှာ ဇန်န၀ါရီလ ၁ ရက်မှ ၃ ရက်အထိ ကျင်းပပြသမည့် ရုပ်ရှင်ပွဲတော်အတွက် အလွန်များပြားသည့်ပမာဏဖြစ်နေပြီး ပြိုင်ပွဲကပေးထားတဲ့ Theme အား ဖေါ်ပြနိုင်မှုနှင့် အရည်အသွေးပေါ်ကို အကဲဖြတ်အဖွဲ့မှ ကိုသူရ (ခ) ဇာဂနာနှင့် မင်းထင်ကိုကိုကြီးတို့က ပထမအဆင့်အနေဖြင့် ရွေးချယ်ကာ ပြပွဲအတွက်ပြသသွားမည်ဖြစ်သည်။
ထိုမှပြပွဲအပြီး ဒုတိယအဆင့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အကဲဖြတ်အဖွဲ့ဝင်နှစ်ဦးမှ ရွေးချယ်အကဲဖြတ်ပြီး Beast Shoot ဆု၊ Beast Documentary ဆု၊ Audience Choice ဆုအပြင် အခြားခေါင်းစဉ်တစ်ခုဖြင့် ဆုတစ်ခုလည်းရှိကြောင်း သိရသည်။
ထိုပြိုင်ပွဲအတွက် မောင်မောင်ဦး(စနိုးဝှိုက်)၊ ကိုပေါက်၊ ၀ိုင်း စသည့်နာမည်ကြီး ဒါရိုက်တာအများအပြားပါဝင်ရိုက်ကူးယှဉ်ပြိုင် ထားကြပြီး ဇာတ်ကား ၁၈၀ ကို ပထမအဆင့်စီစစ်ရွေးချယ်ပြီးပါက ဒီဇင်ဘာ ၃၁ ရက် ညနေတွင် တော်ဝင်စင်တာ ၇ ထပ်တွင်းကျင်းပမည့် ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအား ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ရှိသူများမှ တက်ရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ထို့နောက် ဇန်န၀ါရီ ၁ ရက်မှ ၃ ရက်အထိ ပထမအဆင့်ရွေးချယ်ခံရသည့် ရုပ်ရှင်များကို တော်ဝင်စင်တာရှိ ရုပ်ရှင်ရုံ ၃ ရုံ၌ပြသကာ ဇန်န၀ါရီ ၄ ရက်တွင် ဆုပေးပွဲ ကျင်းပသွားမည်ဖြစ်သည်။ ထိုအတွက် ယခုအချိန်အထိ ရုပ်ရှင်အစည်းအရုံးဆင်ဆာဋ္ဌာနမှ တစ်စုံတစ်ရာ တားမြစ်ပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။
လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်(The Art of Freedom Film Festival)မှာ လွတ်လပ်ခြင်းအပေါ်ဖွင့်ဆိုမှုကို အခြေခံ၍ရိုက်ကူးဖန်တီးထားသည့် ရုပ်ရှင်ဇတ်ကားများမှတစ်ဆင့် မြန်မာပြည်သူများအကြား လွတ်လပ်ခြင်း၏ အနှစ်သာရအတွေးအခေါ်အယူအဆများ ပျံ့နှံ့စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ရုပ်ရှင်ပွဲတော်တွင် ဆုရရှိသူများအား ဒေါ်အောင်ဆန်းစုကြည်မှ ဆုချီးမြှင့်သွားမည်ဖြစ်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Newyork Institute ၏ကမ်းလှမ်းချက်ဖြင့် အဆိုပါတက္ကသိုလ်တွင် ရုပ်ရှင်သင်တန်း သုံးလ သင်ယူခွင့်ရမည်ဖြစ်သည်။
by 7Day News Journal
0 comments:
Post a Comment