ဘီဘီစီ သတင်းဌာနရဲ့ မြန်မာပိုင်းအစီ အစဉ်မှာ နှစ်ပေါင်း ၂၀ ခန့် တာဝန်ထမ်း ဆောင်ခဲ့တဲ့ ဦးနေ၀င်းနဲ့ မြန်မာတိုင်း(မ်) ဒုတိယသတင်းစာတည်း ရတနာထွန်းက မီဒီယာလောကအကြောင်း တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
အတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)
ဘီဘီစီလို ပြည်ပကသတင်းဌာနတွေက ဒီမှာလွတ် လွတ် လပ်လပ် သတင်းယူခွင့် သာရမယ်ဆိုရင်ဘယ် လိုအနေအထား ဖြစ်လာနိုင်ပါသလဲ။
ကျွန်တော် အလုပ်လုပ်ခဲ့တဲ့အချိန် တုန်းကတော့ ပြည်တွင်းကနေ သတင်း ပို့ပေးတဲ့ ဦးမောင်မောင်ရှိပါတယ်။ ဒါပေမယ့် သူလုပ်ရတဲ့အနေ အထားကလည်း အကန့်အသတ်နဲ့ပါပဲ။ နောက်တော့ မြန်မာပိုင်းအစီ အစဉ်လွှင့်တဲ့ နိုင်ငံခြား အသံလွှင့်ဌာနတွေက သူတို့ရဲ့သတင်းအဖွဲ့ တွေကို မြန်မာနဲ့အနီးဆုံး ထိုင်းမှာ ထားကြတယ်။ အဲဒါမျိုးထက်စာရင် ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ရမယ်ဆိုရင်တော့ သတင်း တွေကို ပိုပြီးထောင့်စုံအောင် တင်ဆက်လာနိုင်မှာပါ။ အခု မဖြစ်သေးရင်တောင် အလျင်အမြန် ဒီလိုဖြစ်လာမယ်လို့ ယုံ ကြည် ပါတယ်။
ပြည်ပအသံလွှင့်ဌာနတွေမှာ လက်ရှိ မြန်မာ့မီဒီယာ လောကအပြောင်းအလဲကြောင့် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်လဲ။
အရင်က လူတွေနိုင်ငံခြားသတင်း ဌာနက အသံလွှင့်တာတွေကို နားထောင်တယ်ဆိုတာ သတင်းမှန်ရချင်လို့။ ပြည်တွင်းက မသိရ တာတွေ ပြည်ပက သိနိုင်လို့နားထောင်ကြတယ်။ အခုလွတ်လပ်လာတဲ့အခါ ပြည်တွင်းကလည်း အကုန်သိပြီ။ ပြည်တွင်းကတောင် ပိုမြန်ဦးမယ်။ ဒီတော့ ပြည်ပကအသံလွှင့်ဌာနတွေက အတော့်ကိုကြိုးပမ်းရမယ်။ သူတို့ရဲ့ အရည်အချင်းအစွမ်းသတ္တိတွေကို ပေါ်လွင် အောင်မပြနိုင်ရင်ကြာရင် တဖြေးဖြေး မှေးမှိန်သွားလိမ့်မယ်။ စာပေစိစစ်ရေးဆိုတာမရှိတော့ဘဲ မီဒီယာလွတ်လပ်ခွင့်ရပြီဆိုရင် ပြည်ပက မီဒီယာတွေ တော်တော်အခက်တွေ့နိုင်ပါတယ်။ ပြည်တွင်းမီဒီယာကလည်း အရည်အချင်း ရှိမယ်။ ဝေဖန်သုံးသပ်မှုတွေက လေးနက်သည်ထက် လေးနက်မယ်ဆိုရင်ပြည်တွင်း မီဒီယာတွေကိုပိုအားပေးလာလိမ့်မယ်။
လက်ရှိပြည်ပက မြန်မာပိုင်း အစီအစဉ်တွေ တင်ဆက်တဲ့အခါ ဘယ်လိုအခက်အခဲတွေ ရှိနိုင်ပါသလဲ။
ကျွန်တော်က လက်ရှိလုပ်နေတဲ့သူ မဟုတ်တော့ ပြောရခက်ပါတယ်။ ဖြစ်နိုင်စရာရှိတဲ့ အခက်အခဲတွေကတော့ အုပ်ချုပ်မှုအပိုင်းမှာ ဟိုဟာမလုပ်ရ၊ ဒီဟာ မလုပ်ရ တားမြစ်ခံရတာတွေက အခက်အခဲပါပဲ။ ပရိုဂျူဆာရဲ့ စိတ်ကူးရှိရင်ရှိ သလောက်ပြုလုပ်ခွင့်မရဘဲ ထိန်းချုပ် ခံရမယ်ဆိုရင် လောင်းရိပ်မိသလိုဖြစ်နေမှာပါ။ ကျွန်တော်အလုပ်လုပ်ခဲ့တဲ့ နောက်ဆုံး ရှစ်လလောက်ကလွဲရင် ကျန် တဲ့အချိန်တွေမှာ ဒီလိုထိန်းချုပ်တာမျိုး တစ်ခါမှ မကြုံခဲ့ရပါဘူး။
သူ့ထက်ငါ အပြိုင်အဆိုင်ဖြစ်နေတဲ့အချိန်မှာ မီဒီယာတွေကို ဘာပြောချင်ပါသလဲ။
စာဖတ်သူ၊ အသံလွှင့်ဌာနကို နားထောင်သူတွေဟာ ဂျာနယ်၊ သတင်းစာ၊ အသံလွှင့်ဌာနရဲ့ အဖွဲ့အစည်းကို နားထောင်တာ မဟုတ်ပါဘူး။ လွှင့်တာ ကောင်းရင်း ကောင်းတာကို နားထောင်မှာပါပဲ။ မုန့်စားသလိုပါပဲ။ ဆိုင်နာမည်ကို စားတာမဟုတ်ဘဲ မုန့်အရသာကောင်းတဲ့ဆိုင်ကို ရွေးစားတာပါ။ ဒီတော့ ဘိန်းမုန့်ကြိုက်တဲ့သူကို ကိတ်မုန့် မကျွေးမိအောင် ပရိသတ်ရဲ့ အကြိုက် ကိုလည်း နားလည်ထားဖို့လိုပါတယ်။ ခုခေတ်မှာ ပြင်ပမီဒီယာတချို့က မြန်မာပရိသတ် အကြိုက်ကို မျက်ခြည်ပြတ်နေတာမျိုးတွေ တွေ့ရပါတယ်။
လက်ရှိ မြန်မာ့မီဒီယာလောကကို ဘယ်လိုမြင်ပါသလဲ။
သတိထားမိတာ ပြောရရင်တော့ လက်ရှိမီဒီယာသမားတွေ အင်မတန် ကံကောင်းပါတယ်။ အတိတ်မှာ မီဒီယာ လောကက လွတ်လွတ် လပ်လပ်မရှိဘူး။ အခုတော့ တော်တော်လေး ရေးနိုင်၊ ဝေဖန်နိုင်လာတယ်။ လွတ်လပ်တော့ တင်ပြရတဲ့အခါမှာ မိမိရဲ့ အစွမ်းအစကို ပိုပြ နိုင်လာတယ်။ အစွမ်းရှိရင်ရှိသလောက်ရေးနိုင်၊ တင်ပြနိုင်ပြီဆိုတော့ မီဒီယာတွေအတွက် ခေတ်ဆန်းချိန်ရောက်ပြီလို့ ထင်ပါတယ်။
The Myanmar Time