ထိုင်းဆန်တင်ပို့မှု လျော့ကျလာချိန်တွင် အိန္ဒိယနှင့် ဗီယက်နမ်တို့က ဈေးကွက်ဝေစုပိုမိုရရှိရေး ယှဉ်ပြိုင်မှုကြောင့် အာရှတွင် ဆန်ဈေးနှုန်းကျ ဆင်းလာနေသည်။ ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများ ပြီးခဲ့သည့်လက ကျဆင်းခဲ့သော်လည်း ထုတ်လုပ်မှုစိုးရိမ်မှုများကြောင့် စားသောက်ကုန်ဈေးနှုန်းများ ဆက် လက်မြင့်တက်နေသည်ကို စိုးရိမ်နေကြချိန်တွင် ဆန်ဈေးနှုန်းကျဆင်းမှုက အာရှအရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့မှ စားသုံးသူများအတွက် သတင်းကောင်းဖြစ်ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာအေဂျင်စီက ပြောကြားခဲ့သည်။ လယ်သမားများဘ၀မြှင့်တင်ရေးအတွက် ဆန်ကိုဈေးမြှင့် ၀ယ်ယူမည့် စီမံကိန်းကြောင့် ထိုင်းတွင် အောက်တိုဘာလနောက်ပိုင်းမှစ၍ ဆန်ဈေးနှုန်း မြင့်တက်လာခဲ့သည်။ သို့သော်လည်း ဗီယက်နမ်နှင့် အိန္ဒိယ တို့က ဆန်ဈေးကွက်ကို ၀င်ရောက် ယှဉ်ပြိုင်မှုကြောင့် ဈေးနှုန်းကျဆင်း လာသည်။
ဆင်းရဲသားထိုင်းလယ်သမားများသည် ငွေကြေးအရေးတကြီး လိုအပ်မှုကြောင့် အစိုးရကပေးသည့် ဈေးထက်လျော့ကာ ဆန်စက်များကို ရောင်းချနေကြသည်။ ထို့အတွက်ကြောင့် ထိုင်းဆန်ဈေးနှုန်း အနည်းငယ် ကျဆင်းလာသော်လည်း အိန္ဒိယနှင့်ဗီယက်နမ်တို့ကို ယှဉ်နိုင်လောက်သည်အထိ မရှိသေးကြောင်း ဘန်ကောက်အခြေစိုက်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
ထိုင်းဆန်ဖြူဈေးနှုန်းသည် ပြီးခဲ့သည့်တစ်ပတ်က ဒေါ်လာ ၆၁၀ ရှိရာမှ ယခုတစ်ပတ်တွင် တစ်တန် ဒေါ်လာ ၅၉၀ ထိကျဆင်းခဲ့ကြောင်း ကုန်သည်များက ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။ ဗီယက်နမ်သည် ကမ္ဘာ့ဒုတိယ အများဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်ပြီး ယခုနှစ်ပထမ ၁၁ လအတွင်း ဆန်တန် ၆ ဒသမ ၈ သန်းထိ တင်ပို့ခဲ့ပြီး ယခုနှစ်တွင် ဆန်တန် ၇ ဒသမ ၂ သန်းထိရှိလာနိုင်သည်။ အိန္ဒိယနိုင်ငံကလည်း စက်တင်ဘာလနောက်ပိုင်းမှစ၍ ဆန်တန်နှစ်သန်းထိ တင်ပို့ခွင့်ပြုထားသည်။ အိန္ဒိယငွေဈေးနှုန်းကလည်း ကျဆင်းနေသောကြောင့် ဗီယက်နမ်ဆန်ထက် အိန္ဒိယဆန်က ဈေးနှုန်းချိုသာနေသည်။
Ref : Eleven Media Group
0 comments:
Post a Comment