ယခုရေးမည်မှာ တိုင်းပြည်ကောင်းအောင်လုပ်ကြဖို့ အကြောင်းများဖြစ်ပါသည်။
အဓိက ခေါင်းစဉ်အဖြစ် `မြန်မာပြည်ကောင်းအောင် အကြောင်းရင်းရှာမည်´ ... ဟု ပေးထားပြီး
ခေါင်းစဉ်ခွဲအဖြစ် ... `တိုင်းပြည်တိုးတက်ရေးလက်စွဲကျမ်း´ ဟု အမည်သညာ ခေါ်ဝေါ်သမုတ်အပ်ပါ၏။
ကျနော်သည်ကား ပညာသည်တစ်ယောက် မဟုတ်ပါ။ ပညာဝယ်တစ်ယောက်ဖြစ်ပါသည်။
ပညာရှင်တစ်ယောက် မဟုတ်ပါ။ ပညာသင်တစ်ယောက်ဖြစ်ပါသည်။
သို့စဉ်လျက်က ဒီလိုစာအုပ်မျိုး ဘာကြောင့် ရေးသနည်း?
ယခုလိုအချိန်တွင် ဒီစာမျိုး လိုအပ်နေပြီ ထင်သောကြောင့်၊ ရေးထားတာလည်း မတွေ့သေးသောကြောင့် ရေးရပါသည်။
ထို့ပြင် ကျနော် ကိုးကားလိုသည်မှာ ဗိုလ်ချုပ်မိန့်ခွန်း ကောက်နုတ်ချက်အချို့ဖြစ်ပါသည်။
၁၉၄၆၊ ဇန်န၀ါရီ ၂၀တွင် ဖဆပလဥက္ကဌအဖြစ် ပြောကြားခဲ့ခြင်းဖြစ်၏။
`အချို့သောလူများသည် နိုင်ငံရေးအလုပ်ကို ယုတ်မာ ညစ်ထေးသည်ဟုဆိုကြ၏။
အချို့ကလည်း နိုင်ငံရေးသည် ကိုးကွယ်ရာ ဘာသာတရားပင် ဖြစ်သကဲ့သို့ ဆိုကြပြန်၏။ ....
.... ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လည်ဆယ်၍ ပြောခြင်းအားဖြင့် ပြည်သူတို့၏ စိတ်ကို ရှုပ်ထွေးစေ၍ အကြောင်းအကျိုး အကောင်း အဆိုးကို ဝေဖန်ခြင်းငှာ မစွမ်းနိုင်အောင် လုပ်ခြင်းမျှသာဖြစ်ပေ၏။ အမှန်မှာ ထိုသူတို့ ပြုလုပ်မှုသည် နိုင်ငံရေးမဟုတ်။ မိမိတို့ အကောက်ဥာဏ်ကိုသုံး၍ မိမိတို့ကြီးပွားရေး တနပ်စား နိုင်ငံရေးပင် ဖြစ်ပေ၏။´
ဗိုလ်ချုပ်ဆိုလိုခဲ့သည်မှာ အလွန်ရှင်းပါသည်။ နိုင်ငံရေးဆိုသည်မှာ လူတိုင်းနှင့် သက်ဆိုင်သော ကိစ္စဖြစ်သည်။ လူတိုင်း စိတ်ဝင်စားနိုင်သည်ဟူသော သဘောပင်။ ထိုအကြောင်းကိုလည်း ...
- နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟု ဆိုရပေမည်။
- လူတိုင်းလူတိုင်း မိမိတို့၏ အခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေးပင်ဖြစ်၏။
စသဖြင့် ပြောကြားထားပါသည်။
ထို့ကြောင့် ကျနော်သည်လည်း နိုင်ငံရေးကို စိတ်ဝင်တစားရေးပါသည်။
သို့သော် ဤစာသည် တိုင်းပြည်တိုးတက်ရန် လိုအပ် (မည် ထင်သမျှ) ကိုဇောင်းပေးထားပါ၏။
မကြာသေးခင်က မိတ်ဆွေတစ်ဦးက ပြောပါသည်။
သူနားထောင်ခဲ့သော စာပေဟောပြောပွဲတစ်ခုအကြောင်း။
ထိုင်ပုတ်ခတ်နေတာချည်းပဲတဲ့။ ဘာလုပ်ရမလဲဆိုတာတော့ လမ်းမပြခဲ့ဘူးတဲ့။
ဟုတ်ကဲ့။ ယခုစာများမှာ ဘာလုပ်ရမလဲဆိုတာကို (ကျနော်စွမ်းသလောက်လေး) လမ်းပြကြည့်ခြင်းဖြစ်ပါ၏။
ကျနော်ရေးမည်မှာ တော်လှန်ရေးမဟုတ်ပါ။
တည်ဆောက်ရေးဖြစ်ပါသည်။
ယခု စာအုပ်ဈေးကွက်တွင် အများဆုံးတွေ့ရသည့် နိုင်ငံရေးစာများမှာ ရှေးက စာအုပ်ဟောင်းပြန်ထုတ်သည်များနှင့်
လုံးချင်းဘာသာပြန်များ စုပေါင်းဘာသာပြန်များသာ အများဆုံးရှိနေပါသည်။
လက်ရှိအခြေအနေမှာ တို့တိုင်းပြည်အတွက် ဘာလုပ်ကြမလဲ? ကျနော် တွေးမိသမျှကလေးရေးရခြင်းဖြစ်ပါ၏။
အမှန်တိုင်းဝန်ခံရပါလျှင် ကျနော့်မှာ အနုပညာသမားစိတ် ပိုများပါသည်။
လုံးချင်းဝတ္ထုကလေးများရေးကာ ပျော်မွေ့နေလိုသူသာ ဖြစ်ပါသည်။
သို့စင်လျက်က ဘာလို့ ရေးရသနည်း။ ထပ်ပြောပါမည်။
လိုအပ်နေတာမြင်လို့ ဖြစ်ပါ၏။
ဗိုလ်ချုပ်မိန့်ခွန်းကိုပင် ကိုးကားလိုပါ၏။
`တော်လှန်ရေးဆိုတာ အကြမ်းပတမ်း တိုက်ခိုက်တဲ့ကိစ္စကိုမှ တော်လှန်ရေးလို့ ဆိုလိုတာ မဟုတ်ဘူး။
လက်ရှိ စနစ်ဟောင်းကိုတော်လှန်ပြီး စနစ်သစ် ဘွားကနဲ ပေါ်ပေါက်လာတာကို ဆိုတာပဲ။
အဲဒီတော့ တော်လှန်ရေးဆိုတာ တစပ်ထဲဖြစ်နေတာပဲ။ တချက်တချက်ကျမှ ဘွားကနဲ ဘွားကနဲ
အရေအတွက်ကနေပြီး အရည်အချင်းပြောင်းလဲမှုကြီးတွေဖြစ်လာတာကို တော်လှန်ရေးလို့ ဆိုတာပဲ။
ဆူတာ ပူတာ သောင်းကျန်းတာ တိုက်တာ ခိုက်တာတွေဆိုတာ မလုပ်မဖြစ်မှ လုပ်ရတာမျိုးဘဲ။
ဘာပဲဖြစ်ဖြစ် စတိုက်ခိုက်ချင်တယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး။
ပြီးတော့ ကိုယ်လိုချင်ရာကို အေးအေးနဲ့ ရမယ်ဆိုရင် ဘယ်သူမလိုချင်ရှိပါ့မလဲ။ မလိုချင်တဲ့လူဟာ အရူးပဲ။´
ဘယ်သူ့ကိုမှ တိုက်ခိုက်ခြင်း မရှိပဲ အလုပ်ဖြစ်ရေးကို ဦးတည်၍ ကျနော်ရေးပါမည်။
ဤသို့ရေးသည်ဖြစ်သဖြင့် ဘေးထိုင်ဘုပြော မရှုစိမ့်မည့်သူများအားလည်း တစ်ခွန်းသာ ပြောလိုပါ၏။
မကျေနပ်လျှင်ကိုယ်တိုင် ရေးကြပါ။ တကယ်ကို ကျနော် ဖတ်ချင်၍ဖြစ်ပါသည်။
ကျနော်တို့ ၀န်းကျင်တွင် ဆရာကြီးတွေ အတော့်ကို များပါသည်။
သို့သော် ငါဆရာကြီးကွ ဟု လက်မထောင်သူများနှင့် လူငယ်တွေ ရိုးသားစွာ တင်ပြလာခြင်းအပေါ် မင်းအရာလားဟု ဆဲဆိုဖိနှိပ်ခြင်းများ ကိုလည်း တွေ့ရပါ၏။ တစ်ချို့တတ်သိပညာရှင်များမှာလည်း ကိုယ်တိုင်အလုပ်တွေချာလည်ဝိုင်းလို့ ဒီကိစ္စအရေးမစိုက်နိုင်ဟန် တူပါသည်။
ရှေ့မှာပြောခဲ့သလို ကျနော်ကား အနုပညာသမားစိတ်ဖြင့် ငြိမ်းငြိမ်းချမ်းချမ်းကလေး နေလိုသူသာ ဖြစ်ပါသည်။
လောလောဆယ် တိုင်းပြည်အခြေအနေကတော့ ဒါတွေ ဒါတွေ ရှိတယ်ဟေ့ ဒီလိုဒီလိုလုပ်ရင် တိုးတက်မယ်ဟူသော စာမျိုးကို ဖတ်ချင်လှပါသည်။ သို့သော် မြန်မာတွေ ညံ့တယ်ကွာဟု ကော်ဆဲနေသူများကိုတော့လည်း မြင်ပြင်းကပ်ပါသည်။
ဒီတော့ အတိုချုပ်ပြောရပါလျှင် မနေတတ်သော လူကလေး သွန်းနေစိုး ၀င်ရေးရပါတော့သည်။ နာမည်ကြီးလိုလျှင် အဆိုတော် လုပ်ပါမည်။ ဘာပဲဖြစ်ဖြစ် မော်ဒယ်ဘွိုင်းကမှ ကျနော်တို့ထက်နာမည်ကြီးလိမ့်ဦးမည်။ ပိုက်ဆံရဖို့ဆိုလည်း လုံးချင်းတွေက ပိုသေချာပါ၏။ သို့စဉ်လျက် ဒီလိုစာမျိုး ရေးရသည်မှာ ရေးထားပြီး မတွေ့မိသောကြောင့်ဖြစ်ပါသည်။
သို့သော် ကျနော်စိတ်တိုင်းကျ လုပ်ရသည်တော့လည်း မဟုတ်ပါ။ ဖြစ်နိုင်မည်သာဆိုလျှင် ဒီလိုစာမျိုးကို စာကြည့်တိုက်ကြီးတစ်ခု နောက်ခံထားကာ ရေးချင်လှပါသည်။ ကိုယ်လိုချင်သောစာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ် ဆွဲယူထုတ်ဖတ်ကာ ရေးရလျှင် ဘယ်လောက်ကောင်းလိမ့်မည်နည်း။ သိုသော် ထိုသို့ ပြုရန် အခွင့်မသာခဲ့ပါ။ ပြီးတော့ မြန်မာပြည်တိုးတက်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များတွေးဆနိုင်ရန် ကျနော်သိလိုသာ Data အချက်အလက်များကိုလည်း လွယ်လင့်တကူ မရသည်ဖြစ်ရာ အခက်အခဲကြုံလှပါသည်။ မည်သို့ဆိုစေ ဒီစာအုပ်သည် အဖြည့်ခံရတုများနည်းတူ အဖြည့်ခံစာတော့ဖြစ်နိုင်လိမ့်မည် ထင်ပါ၏။
ပညာရှင်များဖို့လည်း ဟိုကောင်လေးတောင်ရေးနေပဟဟု ထရေးကြလိမ့်မည် မျှော်လင့်မိပါသည်။ ထိုသို့ဆိုလျှင် ကျနော်တို့တိုင်းပြည်အတွက် မြတ်ပါလိမ့်မည်။ အကယ်၍ ကျနော်ရေးသောစာအားဖတ်ကာ ဒီသဘောတရားကတော့ဖြင့် ဒီလို လမ်းကြောင်းရှိတယ်ဟု စာတမ်းများ သီးခြားရေးပေးလာငြားအံ့။ အတိုင်းထက်အလွန်ပင် ဖြစ်ပါလိမ့်မည်။
ပွင့်ပွင့်လင်းလင်းပြောပါမည်။ ယခု ကျနော်ရေးမည့်စာများအား လွတ်လပ်စွာ သဘောတူခွင့် သဘောကွဲခွင့်ရှိပါသည်။ အကယ်၍ သဘောမတူငြားအံ့။ မိမိတို့ အမြင်က ဘယ်လိုဆိုသည်ကို သီးခြားစာတမ်းများ ရေးပြစေလိုပါသည်။ ထိုစာတမ်းကိုလည်း ကျနော့်အား ပေးဖတ်ပါ။ ထိုအခါ ကျနော်တို့အားလုံး၏ အမြင်အသိများ ပေါင်းထားသော တိုင်းပြည်တိုးတက်ရေး လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများ ထွက်ပေါ်လာပါလိမ့်မည်။
ကျနော်ရေးသော စာကို သေချာမဖတ်ဘဲ အစွန်းအစ တစ်ကြောင်းကောက် ဆွဲထုတ်ကာ ဝေဖန်မှတ်ချက်ပေးချင်သူများကိုတော့ စိတ်ပျက်သည်ဟုသာ ပြောလိုပါသည်။ ကျနော်လည်း သူများကို ငြင်းပါသည်။ သို့သော် သူ့အယူအဆအား ချြေဖျက်ကာ ကိုယ်ပိုင်သဘောတရားတစ်ခု သီးခြားတင်ပြလေ့ရှိပါ၏။ တိုင်းးပြည်တိုးတက်ရန်အတွက် အရင်ဆုံး ရင့်ကျက်သောစိတ် ပျိုးထောင်ကြဖို့ မေတ္တာရပ်ခံလိုပါသည်။
[ ဒီစာအုပ် ဒီဇိုင်းပုံအဖြစ် အင်တာနက်မှ ရသော မြန်မာပြည်ပုံကို သုံးခဲ့ပါသည်။ ယခုတစ်ပါတည်း လေးစာစွာ ခွင့်တောင်းလိုပါသည်။ မည်သူ့ပုံမှန်းကျနော် မသိပါ။ မူပိုင်ရှိပါက သဘောမတူလျှင် ဖြုတ်ပေးပါမည်။ အကယ်၍ ကြည်ဖြူစွာ သုံးခွင့်ပေးငြားအံ့ ကျေးဇူးအနန္တတင်ရှိနေလိမ့်မည် ဖြစ်ပါသည်။]
လေးစားစွာဖြင့်
သွန်းနေစိုး Thorn Nay Soe

0 comments:
Post a Comment