မြန်မာနိုင်ငံသို့ နှစ်ပေါင်း ၅၆ နှစ်အတွင်း ပထမဆုံးအကြိမ်သမိုင်းဝင်ခရီးနှင်လာသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှာခရီးစဉ်အတွင်း နေပြည်တော်သင်္ဂဟဟိုတယ်တွင် ထူးခြားသော အပြုအမူနှစ်ခုပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။
ခရီးစဉ်အတွင်း ထူးခြားမှုမှာနိုဝင်ဘာ ၃၀ ရက် ညစာစားသုံးရာတွင် သီးသန့်အခန်းတွင် မစားဘဲဟိုတယ်၏ စားသောက်ခန်းမသို့ လာရောက်စားသုံးခြင်းနှင့် ဟိုတယ်မှ မပြန်မီတွင် သင်္ဂဟဟိုတယ်မှဝန်ထမ်းအားလုံးနှင့်တွဲ၍ဓာတ်ပုံအရိုက်ခံခဲ့ခြင်းဖြစ်ကြောင်း ဟီလာရီ၏လက်ထောက်အရာရှိ၏အဆိုကို ကိုးကား၍သင်္ဂဟဟိုတယ် မန်နေဂျာဒေါ်နန္ဒာကပြောသည်။
ဟီလာရီကလင်တန်၏ လက်ထောက်အရာရှိတစ်ဦး၏ အဆိုအရ ယခင်သွားခဲ့သော ခရီးစဉ်များ၌ အစားအစာသုံးဆောင်ရာတွင်လည်း သီးသန့်ခန်းတွင်စားသုံးလေ့ရှိပြီး၊ ဓာတ်ပုံရိုက်ခံပါက ဟိုတယ်စီမံခန့်ခွဲမှုအဖွဲ့နှင့်သာ အရိုက်ခံလေ့ရှိပြီး မြန်မာပြည်ခရီးစဉ်၌သာ ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်နနာက ပြန်လည်ရှင်းပြသည်။
နိုဝင်ဘာ ၃၀ ရက် ညနေတွင် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး၊ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် တည်းခိုခဲ့သော ဟီလာရီကလင်တန်မှာ ထိုနေ့ညစာအဖြစ် မြန်မာဟင်းလျာသုံးမျိုးကိုလည်း နှစ်ခြိုက်စွာစားသုံးခဲ့သည်။ ထိုနေ့က ညစာကိုမူလက သီးသန့်စားသုံးရန် စီစဉ်ခဲ့သော်လည်းဟီလာရီကလင်တန်ကဟိုတယ်စားသောက်ခန်းမ အတွင်းသို့ ၀င်လာကာ စားသောက်ဖွယ်စာရင်းထဲမှရသော ပုံမှန်မြန်မာအစားအစာများကိုသာစားသုံးခဲ့ခြင်းဖြစ်ကြောင်း ဒေါ်နန္ဒာကပြောသည်။
ဟိုတယ်ဝန်ထမ်းများက ညွှန်းသော ဆိတ်သားဟင်း၊ ပဲနီလေးဟင်းချိုတို့ကို မြေအိုးထမင်းနှင့် တွဲဖက်စားသုံးခဲ့သည်။ “သုံးမျိုးစလုံး ကိုအားရပါးရစားတယ်”ဟု ဒေါ်နနာက ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံခရီးစဉ် ပထမဆုံးညစာအကြောင်းကိုပြောသည်။ ညစာသုံးဆောင် ရာတွင် စားသောက်ခန်းမ၏ အပြင်ဘက်မြက်ခင်းပြင်၌ လွတ်လွတ်လပ်လပ်သုံးဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
ထိုသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမှာ သီးသန့်ခန်းတွင်မစားဘဲ ဟိုတယ်စားသောက်ခန်းမအနီး ညစာသုံးဆောင်ခြင်းမှာ ရာသီဥတု သာယာခြင်းနှင့် နေပြည်တော်ရှိ ဟိုတယ်ဝန်ထမ်းများနှင့် ပြည်သူတို့၏အခြေအနေကို ကိုယ်တိုင်ကြည့်ရှုလေ့လာလို၍ ဖြစ်နိုင်ကြောင်း ဟိုတယ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုခရီးစဉ်တွင် ဟီလာရီကလင်တန်၏ လက်ထောက်အရာရှိ တစ်ဦးမှာ ဟိုတယ်သို့ တစ်ပတ်ခန့်ဓကြိုတင်လာရောက်ခဲ့ပြီး ဟီလာရီ ကြိုက်တတ်
သော ပန်း၊ အရောင်၊ အနံ့၊ အပြင်အဆင်တို့ကို ၀န်ထမ်းများသို့ ကြိုတင်ပြောပြ၍ ပြင်ဆင်ပေးခဲ့ကြောင်းလည်း သတင်းရရှိသည်။
ဒုတိယနေ့ဖြစ်သော ဒီဇင်ဘာ ၁ ရက်တွင် သမ္မတအိမ်တော်၌ ဧည့်ခံသော နေ့ခင်းစာကိုသင်္ဂဟဟိုတယ်ကပင် စီမံချက်ပြုတ်ပေးခဲ့ပြီး သမ္မတအိမ်တော်မှ မှာကြားသည့်အတိုင်းတရုတ်ဟင်းလျာများဖြင့် ဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။ ဟီလာရီကလင်တန်မှာ နေပြည်တော်၌ရှိနေစဉ်အတွင်း သင်္ဂဟဟိုတယ်၏ အကောင်းဆုံးအခန်း အမျိုးအစားဖြစ်သော သင်္ဂဟဆွိအခန်း၌ တည်းခိုခဲ့သည်။
ဟိုတယ်၏ဧည့်တော်မှတ်တမ်းတွင်လည်း တန်ဖိုးရှိလှသော ဧည့်ဝတ်ပျူငှာမှုရှိသောဟိုတယ်ဟု မှတ်ချက်ပြုရေးသားခဲ့သည်။
ဒီဇင်ဘာ ၁ ရက်ညကို ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်တွင်တည်းခိုခဲ့သည်။ ထိုနေ့ညစာကို အမေရိကန်သံရုံးယာယီတာဝန်ခံနေအိမ်
တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတကွသုံးဆောင်ခဲ့သည်။ ထို့ကြောင့် ဒီဇင်ဘာ ၂ရက် နံနက်စာကိုသာဟိုတယ်၌စားသုံးခဲ့သည်။ ဟိုတယ်၏ ပုံမှန်နံနက်စာဖြစ်သော ပေါင်မုန့်၊ Cereal (ကွေကာ)၊လက်ဖက်ရည်၊ ကော်ဖီ၊ နို့တို့ဖြင့် သူမ၏အခန်း၌ စားသုံးခဲ့ကြောင်း ချက်ထရီယမ်ဟိုတယ်မှ တာဝန်ရှိသူကပြောသည်။
ထိုနေ့ နံနက်ခင်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် သူမတို့နှစ်ဦး တွေ့ဆုံခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ရိုးရာအစားအစာ မုန့်များဖြင့် ဧည့်ခံခဲ့သည်။
ချက်ထရီယမ်ဟိုတယ်၏ အကောင်းဆုံးအခန်းဖြစ်သော ရွိုင်ရယ်လိခ်ဆွိ (Royal Lake Suit) အခန်း၌ ဟီလာရီတည်းခိုခဲ့ခြင်း ဖြစ်သည်။ ထိုဟိုတယ်တွင် ဟိုတယ်၏ စီမံခန့်ခွဲမှုအဖွဲ့နှင့်တွဲ၍ ဓာတ်ပုံအရိုက်ခံခဲ့သည်။ ဟိုတယ်၏ဧည့်သည်တော်မှတ်တမ်းတွင် ဟိုတယ်၏ဧည့်ဝတ်ကျေပွန်မှုနှင့် နွေးထွေးသော ကြိုဆိုမှုများအတွက် အထူးကျေးဇူး တင်ရှိပြီး အနာဂတ်တွင် နောက်တစ်ကြိမ်ပြန်လည် လာရောက်နိုင်ရန် မျှော်လင့်ကြောင်းရေး၍ လက်မှတ်ထိုးခဲ့သည်။
ခရီးစဉ်အတွင်း ရန်ကုန်နှင့် နေပြည်တော်နှစ်နေရာစလုံးတွင် တူညီသည်မှာ လုံခြုံရေးအတွက် အရာရှိများ ဟိုတယ်သို့ ကြိုတင်လာရောက် စီစဉ်ထားခြင်းနှင့် လုံခြုံရေးကို စနစ်တကျချမှတ်ထားခြင်းပင်ဖြစ်သည်။
0 comments:
Post a Comment