Tuesday, 27 December 2011

နိုင်ငံ ၃ နိုင်ငံမှ မြန်မာအလုပ်သမားများ ဘဏ်ငွေလွှဲ စတင်ရန် အချိန်ယူရဦးမည်ဟုဆို


 
ပြည်ပရောက် မြန်မာအလုပ်သမားများ  မိသားစုထံသို့ တရားဝင် ဘဏ်များမှ ငွေလွှဲခွင့်ပြုကြောင်း အသိပေးကြေညာလိုက်သော်လည်း ယင်းဝန်ဆောင်မှုကို မည်သည့်အချိန်တွင် စတင်နိုင်မည်ကို အတိအကျ မထုတ်ပြန်နိုင်သေးကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဋ္ဌာန အကြံပေးအဖွဲ့ခေါင်းဆောင် ဦးသန်းလွင် ကပြောသည်။

ဘဏ္ဍာရေး ၀န်ကြီး ဦးလှထွန်းက ဒီဇင်ဘာ ၂၃ ရက်နေ့က ပြုလုပ်သည့် ဘဏ်အမှုဆောင်များ အစည်းအဝေးတွင် ထိုင်း၊စင်္ကာပူ၊ မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ အနေဖြင့် ၎င်းတို့လုပ်အားခများကို အစိုးရတပိုင်းနှင့် ပုဂ္ဂလိကဘဏ် ၄ ခုသို့ ပြည်ပရှိဘဏ်များမှ တဆင့် တရားဝင်ငွေလွှဲခွင့်ပြုလိုက်ကြောင်း ကြေညာခဲ့သည်။

 ယင်းဘဏ် ၄ ခုမှာ သမ၀ါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် တို့ဖြစ်သည်။
ယခုလောလောဆယ်တွင် နိုင်ငံ ၃ နိုင်ငံမှ ပို့လာသည့် ငွေများကိုသာ ကိုင်တွယ်ဆောင်ရွက် နိုင်ခွင့်ရရှိဦးမည်ဟုလည်း ၀န်ကြီး၏ ပြောဆိုချက်တွင် ဖေါ်ပြထားသည်။

“အခုလောလောဆယ်မှာ မြန်မာအလုပ်သမားတွေအများဆုံးရှိတဲ့ နိုင်ငံသုံးနိုင်ငံကို ဦးစားပေးထားတာပါ။ နောက်ပိုင်းမှာတော့ တခြားနိုင်ငံတွေနဲ့လည်းဆက်သွယ်ဆောင်ရွက်သွားမှာပါ” ဟု ဦးသန်းလွင်က ပြောသည်။

ယခုကဲ့သို့ နိုင်ငံ ၃ နိုင်ငံမှ ငွေများလွှဲခွင့်ကို ခွင့်ပြုလိုက်သော်လည်း ပြည်တွင်းရှိ ဘဏ်များအနေဖြင့် လိုအပ်သည့်ပြင်ဆင်ချက်များကို ပြုလုပ်နေဆဲဖြစ်ရာ ငွေလွှဲသည့်ဝန်ဆောင်မှု ချက်ခြင်းမစတင်နိုင်သေးကြောင်း ပုဂ္ဂလိကဘဏ်မှ တာဝန်ရှိသူတဦး ကပြောဆိုလိုက်သည်။

 “နိုင်ငံခြားဘဏ်တွေနဲ့ချိတ်ဆက်နိုင်တဲ့ swift system ကိုပြန်တပ်ဖို့လုပ်နေပြီ။ တပ်ဆင်ပြီးစီးရင်တော့ ခွင့်ပြုထားတဲ့ ဘဏ်တွေအားလုံးကို တပြိုင်နက်ဖွင့်မှာပါ” ဟု ကမ္ဘောဇ ဘဏ်မှ ဒုဥက္ကဋ္ဌ (၂) ဦးသန်းလွင်က YPI သို့ ပြောသည်။

မြန်မာနိုင်ငံနှင့် အပြန်အလှန်ချိတ်ဆက်ထားသော ဘဏ်များမှ နည်းပညာသင်တန်းများ မြန်မာနိုင်ငံသို့ လာရောက်ပို့ချပေးလျှက်ရှိကာ အဆိုပါ swift system ကိုတပ်ဆင်ရာတွင် အချိန်အနည်းငယ်လိုအပ်ကြောင်း ငွေလွှဲခြင်းကို စတင်ဝန်ဆောင်မှုပေးရန် လအနည်းငယ်ကြာမြင့်နိုင်သေးကြောင်း ၎င်းကပြောဆိုသည်။

ငွေလွှဲမည် မြန်မာနိုင်ငံသားများ အနေဖြင့် ငွေလွှဲသည့်အခါ ပြည်ပတွင် အလုပ်လုပ်ကိုင်ကြောင်း အထောက်အထားအား ဘဏ်သို့တင်ပြပေးရမည်ဖြစ်သည်။ ယင်းကဲ့သို့ အထောက်အထား မပြနိုင်ပါက လုပ်အားခမှရရှိသောငွေဟု သတ်မှတ်ခြင်းမခံရပဲ ငွေပမာဏ၏ ၁၀ ရာခိုင်နှုန်းအား အခွန်အခ အဖြစ်ပေးဆောင်ရမည်ဖြစ်သည်။

ငွေလွှဲခမှာ သက်ဆိုင်ရာဘဏ်အလိုက် အနည်းငယ်ကွာဟနိုင်ကြောင်း၊  ငွေလွှဲသူများအနေဖြင့် မြန်မာနိုင်ငံ၌ ကိုယ်ပိုင် ဘဏ်စာရင်းရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ ပေးပို့နိုင်သည်ဟုလည်း သိရှိရသည်။ မြန်မာနိုင်ငံသို့ရောက်ရှိလာသည့် ငွေကိုမြန်မာကျပ်ငွေဖြင့် ထုတ်ပေးရာတွင် နိုင်ငံခြားငွေလဲကောင်တာများမှ ပေါက်ဈေးအတိုင်း သတ်မှတ်ထုတ်ပေးသွားမည်ဟု ပြောသည်။

ယင်းကဲ့သို့ ဘဏ်များမှတဆင့် ငွေလွှဲခြင်းအားဆောင်ရွက်ပေးခြင်းမှာ တရားမ၀င် ငွေလွှဲခြင်း(ဟွန်ဒီ)ဈေးကွက် ကိုထိန်းချုပ်နိုင်ရန် ယခုကဲ့သို့ စီစဉ်ခြင်း ဖြစ်ကြောင်း၊တရားဝင် လမ်းကြောင်းမှ ငွေလွှဲခြင်းဖြင့် နိုင်ငံတော်အနေဖြင့် ငွေလွှဲသည့် ပမာဏအား အလွယ်တကူသိရှိနိုင်၍ အမျိုးသားဝင်ငွေ(National Income) တွက်ချက်ရာတွင် အေထာက်အကူပြုနိုင်မည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ယင်းသို့ခွင့်ပြုလိုက်ခြင်းနှင့် အခွန်ကင်းလွတ်ခွင့်ပြုလိုက်သဖြင့် နိုင်ငံရပ်ခြားတွင် သွားရောက် လုပ်ကိုင်သူများ အနေဖြင့် မိမိနေအိမ်သို့ငွေလွှဲရန် လွယ်ကူအဆင်ပြေနိုင်မည်ဖြစ်သဖြင့် ၀မ်းမြောက်မိကြောင်း ၊သို့သော် မြန်မာနိုင်ငံဘဏ်များ၏ ၀န်ဆောင်မှုပေးရာတွင် နှောင့်နှေးကြန့်ကြာမှုဖြစ်မည်ကို စိုးရိမ်မိကြောင်း နိုင်ငံရပ်ခြားတွင် သွားရောက်လုပ်ကိုင်နေသော မိသားစုများကဆိုသည်။

“အရင်က တိုက်ရိုက်လွှဲလို့မရတော့ တစ်ခါတလေဆိုရင် ငွေလွှဲပြီး ၂ပတ်လောက်တောင်ကြာနေတတ်တယ်။ အခုလိုတိုက်ရိုက်ငွေလွှဲခွင့်ရတော့မယ်ဆိုတော့ ၀မ်းသာစရာပေါ့ ။ မြန်လည်းမြန်မယ်။ ကုမ္ပဏီကိုလည်း သွားစရာမလိုတော့ဘူး။ ဒါပေမယ့် ဒီကဘဏ်တွေရဲ့ ၀န်ဆောင်မှုကိုလည်းစောင့်ကြည့်ရအုန်းမှာပဲ ”ဟု နိုင်ငံခြားသင်္ဘော အရာရှိတစ်ဦးဖြစ်သူ ဦးမောင်မောင်သွင်က ဆိုသည်။

ယခုကဲ့သို့နိုင်ငံခြားငွေတရားဝင်ငွေလွှဲနိုင်ခြင်းနှင့် ၀င်ငွေခွန်ကင်းလွတ်ခွင့်ပြုခြင်းတို့ သည် ပြည်ပရောက် အလုပ်သမားများအတွက်သာ ခွင့်ပြုခြင်းဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ ငွေလွှဲမှုရရှိရန် မျှော်လင့်နေကြောင်း ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

“အခုဟာက လုပ်ငန်းရှင်တွေအတွက် မပါသေးဘူးလေ။ အခုဟာက အစလို့ပြောလို့ရတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့လည်း သင်္ကြန်ပြီးလောက်ရမယ်လို့မျှော်လင့်ရတာပ။ ၂၀၁၂မှာ ဒီထက်ပိုပြီးလုပ်မယ်လို့ မျှော်လင့် ထားပါတယ် ”ဟု ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် ဦးလှမောင်ရွှေကပြောဆိုသည်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးသန်းလွင်ကလည်း ယခုကဲ့သို့ ပြင်ဆင်သတ်မှတ်ပေးလိုက်ခြင်းသည် နိုင်ငံခြားတွင်သွားရောက်လုပ်ကိုင်နေသော အလုပ်သမားများအတွက် ကောင်းမွန်သော အခွင့်အရေးတစ်ရပ်ဖြစ်သလို မိမိနိုင်ငံအတွက်လည်း နိုင်ငံခြားငွေရရှိမှု ပိုမိုတိုးတက်လာနိုင်သည် ဟုဆိုနိုင်သော်လည်း ဟွန်ဒီ (တရားမ၀င်ငွေလွှဲ) ဈေးကွက်အား ထိန်းချုပ်ရန်မှာ ယခုလောက်နှင့် မလုံလောက်သေးကြောင်းပြောဆိုသည်။

“ဟွန်ဒီဈေးကွက်ကတော့ နိုင်ငံတကာမှာလည်းရှိနေတာဆိုတော့ ဒီလောက်နဲ့က ဟွန်ဒီဈေးကွက်က ပျောက်မသွားနိုင်ဘူး။ ဒါပေမယ့် လျော့သွားနိုင်ပါတယ်”ဟု ဦးသန်းလွင်က သုံးသပ်ပြောဆိုသည်။    ။

Yangon Press International 

0 comments:

Post a Comment