Monday, 26 December 2011

ငပလီဟိုတယ်တိုးချဲ့မှုကြောင့် ရေလုပ်ငန်းထိခိုက်မည်ကို ဒေသခံများစိုးရိမ်

ဂျိတ္တောမှ ငါးခြောက်လှမ်းလုပ်ငန်းခွင်တစ်နေရာ

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီကမ်းခြေတစ်ဝိုက်တွင် ဟိုတယ်များတိုးချဲ့ဆောက်လုပ်လာခြင်းေ ကြာင့်ငါးခြောက်လှမ်းလုပ်ကွက်များပျောက်ကာ ရေလုပ်ငန်းထိခိုက်လာမည်ကို ဒေသခံရေလုပ်ငန်းရှင်များ စိုးရိမ်နေကြသည်။


ငပလီကမ်းခြေရွာများဖြစ်သည့် ဇီးဖြူကုန်း၊ လင်းသာ၊ မြပြင်၊ ဂျိတ္တော စသည့်ရွာများတွင် မြပြင်ရွာမှာ ဟိုတယ်ဇုန်ဖြစ်ပြီး မြောက်ဘက်ကျသည့် ဇီးဖြူကုန်းနှင့် လင်းသာရွာကမ်းခြေ အရှည်လေးမိုင်ခန့်ကိုလည်း ဟိုတယ်ဆောက်ရန် မြေကွက်များဝယ်ယူထားပြီး အချို့ကိုဆောက်လုပ်ပြီးဖြစ်သည်။

မြပြင်ရွာနှင့်တစ်ဆက်တည်း တောင်ဘက်တွင်ရှိသော ဂျိတ္တောရွာကမ်းခြေ သုံးမိုင်ခန့်မှာမူ ငါးဖမ်းဇုန်ဖြစ်သော်လည်း ယခုအခါ ဟိုတယ်ဆောက်ရန်နေရာ ၀ယ်ယူခြင်းများရှိလာပြီး ယခုနှစ်စက်တင်ဘာလအတွင်းက ဟိုတယ်တစ်လုံးစတင် ဆောက်လုပ်နေပြီဟု ဒေသခံများကပြောသည်။

ဂျိတ္တောကမ်းခြေတွင် ရေလုပ်ငန်းလုပ်ကိုင်နေသူ လုပ်ငန်းရှင်တစ်ဦးကလည်း ၎င်းပိုင်မြေနေရာတွင် ဟိုတယ် ဆောက်မည်ဟုဆိုပြီး မြေကွက်ရှေ့တွင် ငါးလှမ်းကွက်ရထားသူများအား ဖယ်ရှားခိုင်းနေကြောင်း ဒေသခံများကပြောသည်။

၎င်းငါးဖမ်းဇုန်တွင် ငါးသေးများဖြစ်သည့် ငါနီတူနှင့် ကြက်စာငါးများကိုဖမ်းသည့် ကျော့ပိုက်ငါးဖမ်းလုပ်ငန်းကို အများအားဖြင့် လုပ်ကိုင်ကြပြီး ရရှိလာသည့်ငါးများအား ကမ်းခြေတစ်က်ေတွင် နေလှမ်းကြသည်။

ဒေသခံရေလုပ်ငန်းရှင်တစ်ဦးက “ဟိုတယ်တွေက အလုပ်ပေးနိုင်တဲ့ အရေအတွက်နဲ့ ကျော့ပိုက်က အလုပ်ပေးနိုင်တဲ့ အရေအတွက်က အများကြီးကွာပါတယ်။ ဒီကရေလုပ်ငန်းတွေမှာ ရခိုင်မြောက်ပိုင်း မောင်းတော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးကလူတွေလည်း လာရောက်လုပ်ကိုင်နိုင်အောင်ကို လုပ်သားတွေခန့်ထားတာပါ။ အခြားငါးလှမ်း ငါးသယ် စတာတွေအတွက်လည်း လုပ်သားတွေ အများကြီးလိုတယ်” ဟုပြောသည်။

ဂျိတ္တောငါးဖမ်းဇုန်တွင် ကျော့ပိုက်လုပ်ငန်းရှင် ၇၀ ကျော်နှင့် ပိုက်ဖောင် ၁၂၀ ခန့်ရှိပြီး ကျော့ပိုက်တစ်ဖောင်လျှင် လုပ်သား ၃၀ ခန့်အသုံးပြုရသည်ဟု ရေလုပ်ငန်းရှင်များက ရှင်းပြသည်။

၎င်းဒေသတွင် ဟိုတယ်များတိုးချဲ့ဆောက်လုပ်ရန် ကမ်းခြေမြေကွက်များအားဈေးကောင်းပေးဝယ်ယူကြရာ နိုင်ငံခြားသားများပါဝယ်နေကြောင်း၊ လွန်ခဲ့သည့်ခြောက်လခန့်က မြေတစ်ဧကလျှင် ကျပ်သိန်းတစ်ထောင်ဝန်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး ယခုနှစ်ဒီဇင်ဘာ ဒုတိယပတ်အတွင်းက တစ်ဧက ကျပ်သိန်းခြောက်ထောင် ဈေးခေါ်ထားသောမြေကွက်ကို သိန်းလေးထောင်ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့သည်ဟု ဂျိတ္တောဒေသခံများကပြောသည်။

ယခုအခါ ဂျိတ္တောကျေးရွာ တ၀ိုက်သို့  တရုတ်နိုင်ငံမှ ရေလုပ်ငန်းရှင်များဝင်ထွက်သွားလာမှုပိုလာပြီး ၎င်းတို့တည်းခိုရန် တန်ဖိုးနည်းဟိုတယ်များတိုးချဲ့ဆောက်လုပ်လာခြင်းဖြစ်ကြောင်း ငပလီကမ်းခြေဟိုတယ်ဇုန်ဥက္ကဌက ပြောသည်။

၎င်းက “ ဟိုတယ်နဲ့ ငါးလုပ်ငန်းကရတဲ့ဝင်ငွေနှိုင်းယှဉ်ကြည့်ရင် ဟိုတယ်ကရတဲ့ဝင်ငွေက အများကြီးသာတယ်” ဟု လုပ်ငန်းနှစ်ခုကိုနှိုင်းယှဉ်ပြသော်လည်း ငါးလုပ်ငန်းမှရသည့်ငွေမှာ ဒေသခံအများစုအတွက်ဖြစ်သည်ဟု ဒေသခံများကပြောသည်။

ကမ်းခြေတစ်လျှောက်တွင် ငါးလှမ်းခွင့်ရရှိရန်အတွက် ယခင်က လေလံဆွဲရန်မလိုဘဲ ကျော့ပိုက်လုပ်ငန်းရှင်များအသင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် မြေစာရင်းဦးစီးဌာနတို့က ပိုက်ဖောင်အလိုက် လုပ်ကွက်များ တိုင်းတာသတ်မှတ်ပေးခဲ့ပြီး ယခုနှစ်တွင်မှု ဂျိတ္တောကမ်းခြေ၊ လုံးသာဘက်ခြမ်းမှ ကမ်းခြေပေသုံးထောင်ခန့်ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ ကျပ်သိန်းနှစ်ဆယ်ကျော်ပေးကာလေလံဆွဲခဲ့ရသည်ဟု ကျော့ပိုက်လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ကပြောသည်။

ကျော့ပိုက်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်တစ်ဦးက “ ဟိုတယ်တွေဆောက်လို့မပြီးသေးဘူး။ တရားဝင်ဖယ်ခိုင်းတာ မရှိသေးဘူး။ တကယ်လို့ဖယ်ခိုင်းခဲ့ရင်တော့ ကျော့ပိုက်အသင်းကဦးဆောင်ပြီး သမ္မတအထိ အဆင့်ဆင့်ကို စာတင်မယ်” ဟု ပြောသည်။

ရေလုပ်ငန်းဖြင့် ဒေသခံအများစုအသက်မွေးကြသည့် ၎င်းဒေသတွင် ဟိုတယ်လုပ်ငန်းနှင့် ငါးလုပ်ငန်းမှာ မည်သို့မျှယှဉ်တွဲ မနေနိုင်ကြောင်းကိုလည်း ဒေသခံ ရေလုပ်ငန်းရှင်များက ပြောသည်။

ငပလီကမ်းခြေဟိုတယ်ဇုန် ဥက္ကဌက “ဂျိတ္တောမှာ ဟိုတယ်တွေဆောက်ဖြစ်ခဲ့ရင်တော့ ဟိုတယ်လုပ်ငန်းနဲ့ ငါးလုပ်ငန်း တစ်ခုခုကိုရွေးရမှာပေါ့။ ဒါပေမယ့် ရှေးပဝေသဏီကတည်းကရှိခဲ့တဲ့ ငါးလုပ်ငန်းကို ဖယ်ရှားဖို့ဆိုတာတော့မဖြစ်နိုင်ပါဘူး။ ငါးလှမ်းဖို့နေရာသစ်တွေတော့ ရှာပေးရမှာပေါ့” ဟု သုံးသပ်သည်။
by Yangon Press International

0 comments:

Post a Comment