Monday, 26 December 2011

မီဒီယာဥပဒေ ပြဋ္ဌာန်းနိုင်ရန်ဒီယာများ၏ ဝေဖန်အကြံပြုချက်များ ရယူပြီး လွှတ်တော်သို့တင်ပြသွားမည်

7132








စာနယ်ဇင်းလွတ်လပ်ခွင့် မရှိပါက ဒီမိုကရေစီ မရှိဟု ဆိုနိုင်ကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ ပြောကြား၊ မီဒီယာဥပဒေ ပြဋ္ဌာန်းနိုင်ရန် မီဒီယာများ၏ ဝေဖန်အကြံပြုချက်များ ရယူပြီး လွှတ်တော်သို့တင်ပြသွားမည်
ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာ၌ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီမှာ အရေးပါသော အချက်တစ်ချက်ဖြစ်ပြီး စာနယ်ဇင်း လွတ်လပ်ခွင့် မရှိပါက ဒီမိုကရေစီ မရှိဟု ဆိုနိုင်ကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က ဒီဇင်ဘာလ၂၃ရက်နေ့က ပြောဆိုခဲ့သည်။
အဆိုပါ ပြောဆိုချက်သည် ဒီဇင်ဘာလ ၂၃ ရက်နေ့က ရန်ကုန် မြို့ရှိ ဟိုတယ်ရန်ကုန်၌ ပြည်သူ့ လွှတ်တော် အားကစား၊ ယဉ်ကျေးမှု နှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီက ပြုလုပ်ခဲ့သည့် အားကစား၊ ယဉ်ကျေးမှု၊ ပြန်ကြားရေး၊ ပြည်သူ့ဆက်ဆံရေး နယ်ပယ်ရှိ ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းပြုစုသူများနှင့် အကြိုညှိနှိုင်းမိတ်ဆက် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
“အားကောင်း ခိုင်မာတောင့်တင်း စတုတ္ထမဏ္ဍိုင်ဆိုတာ လွတ်လပ်စွာ ပြောရေးဆိုခွင့် (Freedom of Expression) ပင်ဖြစ်ပြီး စာနယ်ဇင်းများ အရည်အသွေးပြည့်ဝရေးနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အ၀ ရရှိရေးတို့ လိုအပ်ပါတယ်”ဟု သူရ ဦးအေးမြင့်က ပြောကြားခဲ့ပါသည်။

စာနယ်ဇင်းလွတ်လပ်ခွင့်သည် ဒီမိုကရေစီပင်ဖြစ်ပြီး စာနယ်ဇင်း လွတ်လပ်ခွင့်ရှိပါက ဒီမိုကရေစီရရှိပြီး စာနယ်ဇင်း လွတ်လပ်ခွင့် မရှိပါက ဒီမိုကရေစီမရှိဟု ဆိုနိုင်ကြောင်း၊ အုပ်ချုပ်သူအစိုးရပင်ဖြစ်စေကာမူ မဟုတ်တာလုပ်ရင်၊ ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်နေလျှင် စာနယ်ဇင်းမှတစ်ဆင့် ကန့်ကွက်ပြော ဆိုနိုင်ခွင့် ရှိသင့်ကြောင်း၊ အစိုးရ၏မူဝါဒပင် ဖြစ်စေကာမူ အကျိုးသင့် အကြောင်းသင့် ဝေဖန်နိုင်စွမ်းရှိရမည်ဖြစ်ပြီး တစ်နည်းအားဖြင့် မြင်သာထင်သာဖြစ်မှု (Transparency) ရှိရမည်ဖြစ်ကြောင်း

ထို့အပြင် စာနယ်ဇင်း လွတ်လပ်ခွင့်သည် ဒီမိုကရေစီပင်ဖြစ်ပြီး စာနယ်ဇင်း လွတ်လပ်ခွင့်ရှိပါက ဒီမိုကရေစီ ရရှိပြီး စာနယ်ဇင်းလွတ်လပ်ခွင့်မရှိပါက ဒီမိုကရေစီမရှိဟု ဆိုနိုင်ကြောင်း၊ အုပ်ချုပ်သူအစိုးရပင် ဖြစ်စေကာမူ မဟုတ်တာလုပ်ရင်၊ ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်နေလျှင် စာနယ်ဇင်းမှတစ်ဆင့် ကန့်ကွက်ပြောဆိုနိုင်ခွင့် ရှိသင့်ကြောင်း၊ အစိုးရ၏ မူဝါဒပင် ဖြစ်စေကာမူ အကျိုးသင့် အကြောင်းသင့် ဝေဖန်နိုင်စွမ်း ရှိရ မည်ဖြစ်ပြီး တစ်နည်းအားဖြင့် မြင်သာထင်သာဖြစ်မှု (Transparency) ရှိရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရားတို့ ကို ယှဉ်တွဲကျင့်သုံးသည့် မီဒီယာဖြစ်လာစေရန် ထိန်းကျောင်းပေးနိုင်မည့် မီဒီယာဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်း  နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ယဉ်ကျေးမှုနှင့် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် ဆန်းက အောက်တိုဘာလ ၆ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း၊ ထိုဥပဒေအား အဆင့်ဆင့် ရေးဆွဲပြီးပါက လွှတ်တော်သို့ တင်ပြအတည်ပြု ပြဋ္ဌာန်း ရမည်ဖြစ်ပြီး လွှတ်တော်မှလည်း အပြန်ပြန်အလှန်လှန်သုံးသပ်၍ တာဝန်ယူမှုကိုပါ အားပေးသည့် ဆီလျော် သင့်မြတ်သော ဥပဒေတစ်ရပ်ဖြစ်လာ အောင်ဖန်တီးသွားရမည်ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ထိုတာဝန်အား မိမိတို့ကော်မတီမှ ကျေပွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် စတုတ္ထမဏ္ဍိုင် ဖြစ်သည့် စာပေ၊ စာနယ်ဇင်း၊ မီဒီယာအဖွဲ့များ၏ ဆွေးနွေးချက်များ၊ ဝေဖန်ချက်များ၊ အကြံပြုချက်များကို ကြားနာပြီး တိုင်ကြားစာ၊ အသနား ခံစာ၊ နစ်နာချက်များကို လက်ခံ၍  ကော်မတီတွင်း စိစစ်သုံးသပ်ကာ  လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံ သွားမည် ဖြစ်ကြောင်း သူရဦးအေးမြင့်က ပြော ကြားခဲ့ပါသည်။
မီဒီယာဥပဒေ ပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်သွားမည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော မီဒီယာသက်ဆိုင်သည့် ပုဒ်မကိုလည်း ခိုင်မာပြည့်စုံသော အချက်အလက်များ ထည့်သွင်းရန် ရှိကောင်းရှိနိုင်ကြောင်း ထပ်မံပြောဆိုခဲ့ပါသည်။
“ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါပါတယ်။ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ၂၀၀၈ ခုနှစ် ကပြဋ္ဌာန်းခဲ့တာပါ။ လိုအပ်တာတွေ ရှိကောင်းရှိမယ်။ အဲဒီမှာ ကျွန်တော် တို့ မီဒီယာနဲ့ပတ်သက်လို့  ပုဒ်မ ၃၅၄ မှာ ပါပါတယ်။ ကျွန်တော်တို့ အနေနဲ့ သိထားသင့်တယ်ထင်လို့ မှတ်မိနေပါတယ်။ ၃၅၄ မှာ ပါတာ ကတော့ ‘နိုင်ငံသားတိုင်းသည် နိုင်ငံ တော် လုံခြုံရေး၊ တရားဥပဒေ စိုး မိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့် တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။ (က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ....’ အဲတစ်ခုလေးပဲ ပါးပါးလေးပဲ ပါတယ်ဆိုတာ ကျွန်တော်တို့ တွေ့ရတယ်။ ဒါကြောင့် ဒီနေရာမှာလည်း ဒီထက်ခိုင်လုံတဲ့၊ ဒီထက် ခိုင်မာပြည့်စုံတဲ့ အချက်အလက်တွေ ဖြည့်စွက်ဖို့ ရှိကောင်း ရှိနိုင်တယ်လို့ တင်ပြချင်ပါတယ်”ဟု သူရဦးအေးမြင့်က ပြောကြားခဲ့ပါသည်။
မီဒီယာဥပဒေ ပြဋ္ဌာန်းရာတွင်လည်း လူ့အခွင့်အရေး ကြေညာစာတမ်းပါ  အပိုဒ်(၁၉)တွင် ပါဝင်သည့် အချက်များကို အခြေခံပြီး ရေးဆွဲမည်ဟု ခံယူကြောင်း ပြောဆိုခဲ့သည်။
“Universal Declaration of Human Rights မှာ ပါပါတယ်။ ကျွန်တော် ဖတ်ပြပါမယ်။  "Everyone has the right to freedom of opinion and expression; the right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media regardless of frontiers" အဓိပ္ပာယ်ကတော့ လူတိုင်းက မိမိရဲ့ ထင်မြင်ယူဆချက် ဖော်ပြဖို့ အခွင့်အရေး ရှိပါတယ်။ သူတစ်ပါး အနှောင့်အယှက်မပြုဘဲ ရနိုင်ဖွယ် ရှိရမည်ဖြစ်ပါတယ်။ ဒါဟာ အလွန်ကောင်းမွန်သော ကျွန်တော်တို့ မီဒီယာပိုင်းနဲ့ ဖော်ပြချင်တာ ဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ အခုလာမယ့် ဥပဒေမှာ ဒီဟာတွေကို အခြေခံပြီးတော့ ကျွန်တော်တို့ရေး ဆွဲမှာ ဖြစ်တယ်လို့ ကျွန်တော်တို့ ဒီလိုပဲ ခံယူပါတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ လွှတ်တော်က တင်သွင်းမှာဖြစ်ပါတယ်”ဟု သူရဦးအေးမြင့်က ပြောကြားပါသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သော အကြိုညှိနှိုင်းမိတ်ဆက်ပွဲသို့ ရုပ်ရှင်၊ ဗီဒီယို၊ သဘင်၊  စာပေ နှင့် မီဒီယာနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကာ မိမိတို့နှင့်သက်ဆိုင်သော ကိစ္စရပ်များ  နှင့် ပတ်သက်ပြီး အကြိုဆွေးနွေးအကြံပြုမှုများ ပြုလုပ်ခဲ့ကြသည်။
ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ က ပြုလုပ်ခဲ့သည့် အကြိုညှိနှိုင်း မိတ်ဆက်ပွဲသည် အောက်တိုဘာလ ၃၀ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သော တွေ့ဆုံပွဲပြီးနောက် ဒုတိယ အကြိမ် ပြုလုပ်ခြင်းဖြစ်ကာ တတိယအကြိမ်မြောက်ကို ယခုတစ်ကြိမ် ပြုလုပ်ခြင်းထက် ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်သွားမည်ဟု သိရသည်။
ထို့အပြင် ယခုတွေ့ဆုံပွဲ၌ နယ်ပယ် အသီးသီးမှ တင်သွင်းလာသော စာတမ်းများ၊ အကြံပြု ဆွေးနွေးချက်များကို အခြေပြုပြီး စာတမ်းဖတ်ပွဲ တစ်ရပ် ပြုလုပ်နိုင်ရန် စီစဉ်ထားပြီး အကြံပြုချက်၊ စာတမ်းများ ထပ်မံပေးပို့ရန်လည်း ဖိတ်ခေါ်ထားခဲ့သည်။
“ကျွန်တော်တို့ဆီ ရောက်လာတဲ့ ဆွေးနွေး အကြံပြုတင်ပြချက် တွေကို စိစစ်ပြီး ကျွန်တော်တို့ ကော်မတီကနေ သက်ဆိုင်ရာ အုပ်ချုပ်မှု အဖွဲ့အစည်းများဆီ ကော်မတီဥက္ကဋ္ဌ လက်မှတ် ရေးထိုးပြီး တိုက်ရိုက် တင်ပြမယ်။ ဒါကို သူတို့ မဆောင်ရွက်လို့ မရဘူး။ ပစ်ပယ်လို့ မရဘူး။ ပစ်ပယ်တာနဲ့ လွှတ်တော်မှာ ပြည်သူ့ အသံတွေကို ကျွန်တော်တို့ အသံ တွေနဲ့ တင်ပြမယ်။ ဒါကတော့ ဒီမိုကရေစီနည်းလမ်းအရ ခိုင်လည်းခိုင် မာပါတယ်။ အဲတာကို ကျွန်တော်တို့ ရအောင် ဆောင်ရွက်သွားပါမယ်။ ချစ်ခြင်း မုန်းခြင်း မပါဘဲနဲ့ တစ်ဦးတစ်ယောက်အတွက် မဟုတ်ဘဲ အများအတွက် ရဲရဲတင်းတင်း ကျွန် တော်တို့ ကော်မတီကို လိပ်မူပြီးတော့ တင်ပြနိုင်ပါတယ်။ ကျွန်တော် တို့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားပါမယ်လို့ ပြောချင်ပါတယ်”ဟု သူရ ဦးအေးမြင့်က ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီသည် သက်ဆိုင်ရာ ၀န်ကြီးဌာနများ နှင့် ဘေးတိုက်လိုက်ပါ ဆောင်ရွက်ရသော လွှတ်တော်ရေးရာ ကော်မတီ တစ်ရပ်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပ ဒေ ၁၁၅ (ဂ) အရ သြဂုတ်လ ၂၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ တိုးချဲ့ဖွဲ့စည်းခဲ့သည့် ကော်မတီ(၁၉) ခုအနက် တစ်ခု အပါအ၀င်ဖြစ်သည်။
EMG

0 comments:

Post a Comment