“ဂလောက်...”
င်္မီးသတ်ခမောက်ကို စားပွဲပေါ်ကို ပစ်တင်လိုက်ရင်း သူရ ခုံပေါ်ကို ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်.။
“ဟကောင်.. မောကြီး ပန်းကြီးနဲ့ ဘာဖြစ်လာတာလဲ..”
“ဒေါင်းတယ်ကွာ.. သီဟ... အခုပဲ အထူးမီးသတ်လေ့ကျင့်ခန်း ပြီးလာတာ..။ မဟန်ပါဘူးကွာ..”
“ဟားဟား.. မင်းကိုယ်လုံးကြီးကိုမှ အားမနာကွာ.. ငါတောင် လုပ်နိုင်သေးတာ..”
“အေးပါကွာ.. မင်းကိုတော့ ဆလံသတယ်...။ ဘာပဲပြောပြော မင်းလိုကောင် ငါတို့ မီးသတ်ထဲမှာ ရှိတာ ငါတော့ အားရတယ်ကွ...။ ကဲ ငါ အဝတ်အစားလဲ လိုက်ဦးမယ်..။ ရေလေး ဘာလေး ချိုးဦးမှပါ...”
ပြောပြောဆိုဆို ထိုင်နေရာမှ ထပြီး သူရ ရေချိုးဆောင်ဆီ ထွက်ခဲ့သည်..။ သူနဲ့ သီဟတို့သည် မီးသတ်ဌာနတွင် လူသိများသော တွဲဘက်ကောင်း တွေဖြစ်သည်..။ သူတို့နှင့်အတူ နောက်ထပ် ဆရာတစ်ပါးရှိသေးသည်။ သူကတော့ ယာဉ်မောင်း ကိုသိန်းထိုက်..။ လမ်းတွေကို အသားကုန်ကျွမ်းသူဖြစ်ပြီး လမ်းအထာအသေနှပ်သဖြင့်.. အရေးပေါ်ကိစ္စ တစ်ခုခုဆိုရင် ကိုသိန်းထိုက်နောက်မှ ကျန်တဲ့ကားတွေ တန်းစီလိုက်ရသည်.. ။ အခင်းဖြစ်ရာကို မိနစ်ပိုင်းအတွင်း အရောက်သွားနိုင်သူ...။ သူတို့ကား ရပ်ပြီဆိုတာနဲ့ ကားပေါ်မှ လွှားကနဲခုန်ချပြီး အသင့်အနေအထား ထိပ်ဆုံးဖြစ်နေတာကတော့ သီဟနဲ့..သူရ...။ တပ်ဖွဲ့ဝင်တွေက သူတို့ကို ရဲဘော်သုံးကျိပ်လို့ ချစ်စနိုးခေါ်ကြသည်လေ..။
သူရ ရေမိုးချိုးပြီးတော့ အပြင်ထွက်လာလိုက်သည်။ သီဟကတော့ ခုနက စားပွဲမှာပဲရှိနေသည်..။ သူပြန်လာဝင်ထိုင်တော့..
“အင်း.. သူရ .. မင်းကတော့ ရေချိုးတဲ့နေရာ မြန်တာတော့ စံပဲ..။ ချေးတွေ ဘာတွေရော ပြောင်ရဲ့လားကွာ..”
“မင်းအဘ.. ပြောင်သလားတော့မမေးနဲ့.. ဝါသနာပါရင် လျှာနဲ့ လျက်ကြည့်လိုက်..”
“ထွီ.................. အစားအသောက်ပျက်အောင်..။ ဒီနေ့ ငါတို့ နိုက်ဂျူတီကျတယ်..။ မင်းနားရင် နားလိုက်ဦး..။ နေ့လည်က ပင်ပမ်းထားတာ..”
“ရပါတယ်.. သီဟရာ..။ ကို သိန်းထိုက်ကြီးလာမှ ခန နှပ်ရင် နှပ်မယ်..။ ဘဲကြီးလဲ ဒီနေ့ ပြိုင်းနေတာ..”
သူတို့ပြောနေတုန်းမှာပဲ... ကိုသိန်းထိုက်ဝင်လာသည်။
“ဟော.. ကိုသိန်းထိုက်..။ ခင်ဗျားကြီးအသက်ရှည်ဦးမယ်..။ အခုပဲ သူရနဲ့ ခင်ဗျားအကြောင်းပြောနေတာ..”
“မင်းတို့နှစ်ကောင်ကတော့ တွေ့လိုက်ရင် ငါ့အတင်းအုပ်မယ်ဆိုတာချည်းပဲ..”
“ဟားဟား မဟုတ်ရပါဘူး ကိုသိန်းထိုက်ရာ..။ ကျွန်တော်က သီဟကိုပြောနေတာ.. ကိုသိန်းထိုက်ကြီး မိန်းမတအားကြောက်ရတဲ့အကြောင်းကို..”
“ခွေးကောင်.. မင်းလျှောက်မဖွနဲ့...”
“ဟားဟား.. ဒါနဲ့ စကားမစပ် ကိုသိန်းထိုက်ကြီးရဲ့ သားလေးကော နေကောင်းပြီလား..”
“အင်း.. ဒီလိုပါပဲ သီဟရာ.။ ဒီကောင် အခုတစ်လော တစ်ရှောင်ရှောင်ဖြစ်နေတယ်..။ မနက်ဖြန် ဆေးခန်းသွားပြရဦးမယ်ကွာ..”
“အင်း ဂရုစိုက်ဦး..။ ကျွန်တော်လဲ ကျွန်တော့ သမီးလေး မနက်ဖြန် သုံးနှစ်ပြည့်မွေးနေ့အမှီ ပြန်နိုင်အောင် လုပ်ရဥိးမယ်..”
“ဟာ.. သီဟ မင်းသမီးက သုံးနှစ်တောင် ရှိပြီလား..။ ”
“အေးဟုတ်တယ်.. သူရ. မနက်ဖြန်ပြည့်မှာ..။ မင်းတို့ကို အံ့အားသင့်အောင် ဒီညမှ ပြောမလို့ ကြံထားတာ.. ယောင်ပြီးထွက်သွားတယ်..”
“ကောင်းတယ်.. ကိုသိန်းထိုက်ကြီးလဲ အိမ်ထောင်နဲ့.။ သားနဲ့ သမီးနဲ့..။ မင်းလဲ ဇနီးနဲ့ သမီးနဲ့..။ အားကျတာကွာ..။”
“ဟားဟား.. မင်းက မူနေတာကိုး.. ။ မင်းကောင်မလေးလဲ ဒီလောက် နားလည်မှု ပေးနိုင်နေတာ အံ့ပါရဲ့..။ ငါ့ညီမသာဆိုရင် မင်းကို ဆောင့်ကန်လွှတ်ခိုင်းလိုက်ပြီ..။ အချိန်ဆွဲပြီးရင်း ဆွဲနေတာ..”
“အေးလေ.. သူရ .. သီဟပြောလဲ ပြောစရာ.။ မင်းလဲ ယူဖို့ လုပ်တော့လေကွာ..”
“မလွယ်သေးပါဘူးဗျာ...။ ကြိုးတော့ ကြိုးစားနေပါတယ်..”
“ကဲကဲ.. သူရနဲ့ ကိုသိန်းထိုက်..။ သွားနားကြဦး..။ ညကျမှ မထနိုင်ဖြစ်နေမယ်..”
“အိုကေ.. အိုကေ..”
သီဟကို နှုတ်ဆက်လိုက်ပြီး သူရ ကိုသိန်းထိုက်နှင့်အတူ မျှော်စင်အပေါ်ထပ်ကို တက်လာခဲ့သည်။ မျှော်စင်အပေါ်ထပ်တွင်တော့ သူတို့ မီးသတ်ရဲဘော်တွေ နားဖို့ အိပ်ယာလေးတွေ အစီအရီရှိသည်လေ..။ မောမော ရှိတာနှင့် အားပါးတရ အိပ်မောကျသွားခဲ့သည်..။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“ကလင်.. ကလင်.. ကလင်...”
ဆူညံပွက်လောရိုက်သွားသော မီးသတ် သတိပေးခေါင်းလောင်း ထမြည်သံကြောင့် သူရ ဆတ်ကနဲ နိုးလာရသည်..။ ဘာဖြစ်တယ် ဘယ်အချိန် တွေးမနေအား..။ ကျင့်ထားသော ပုံစံအတိုင်း လူက မီးသတ်ဝတ်စုံထားရာ ပြေးမိနေပြီ..။ အိပ်မှုံစုံမွှားနှင့် အဝတ်တွေကို သယ်လိုက်ပြီး ပိုက်လုံးတစ်လျှောက် လျှောချလိုက်သည်..။ အောက်ထပ်ရောက်တော့ ကိုသိန်းထိုက်ကိုလဲ ခေါင်းစုတ်ဖွားနှင့်တွေ့သည်..။ ကိုသိန်းထိုက်ကို မီးသတ်ဝတ်စုံ အမြန်ကူဝတ်ပြီး သူတို့၏ လက်စွဲတော် မီးသတ်ကားပေါ်သို့ ခုန်တက်လိုက်ကြသည်..။ မီးသတ်ကား၏နောက်နှင့် ခေါင်ပေါ်သို့ ရဲဘော်လေးယောက်ကလဲ အသင့် တက်နေပြီ..။ သီဟကတော့ ဝတ်စုံအပြည့်ဖြင့် ကားထဲရောက်နေပြီ..။
ကိုသိန်းထိုက်သည် ထုံးစံအတိုင်း ကားကို စက်နှိုး၍ လီဗာကို တစ်ချက် ကစားလိုက်သည်..။ မီးသတ်ကားကြီးသည်လဲ တာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်နေကြောင်းကို အင်ဂျင်သံ တစ်ဝူးဝူးပေး၍ အချက်ပြနေပြီ..။ မီးသတ်ဂိတ်ပွင့်သည်နှင့် မီးသတ်ကားကို မီးလောင်ရာနေရာသို့ ဦးတည်လိုက်သည်။ သီဟကတော့ စကားပြောစက်နှင့် အလုပ်ရှုပ်နေပြီး ကိုသိန်းထိုက်ကို ညွှန်ကြားနေသည်။ သူရကတော့ ခုနက သေချာ မဝတ်လိုက်ရသော မီးသတ်ဝတ်စုံကို ဝတ်လို့ ကောင်းတုန်း..။
မီးသတ်ကားမှာလဲ ကိုသိန်းထိုက်၏ အလိုတော်အတိုင်း ကားလမ်းပေါ်တွင် တရိပ်ရိပ်ပြေးနေသည်။ အခုမှ သူရ ဒိုင်ခွက်မှ နာရီကို သေချာ ကြည့်မိသည်။ မနက် တစ်နာရီပဲ ရှိသေးပါလား..။ ခပ်လှမ်းလှမ်းတွင် နီရဲနေသော ကောင်းကင်ကို မြင်လိုက်ရသည်။
“လှော်ထား ကိုသိန်းထိုက်..။ ကျွန်တော်တို့ လက်ဦးလောက်တယ်..”
သီဟ၏ အားပေးသံနှင့်အတူ မီးသတ်ကားသည် မီးလောင်ပြင်သို့ ရောက်ရှိလာတော့သည်လေ..။ ကားရပ်သည်နှင့်.. သူရရော သီဟပါ ကားထဲမှ လွှားကနဲ ခုန်ဆင်းလိုက်ကြသည်။ နောက်တွင် လိုက်ပါလာသော ရဲဘော်များကလဲ သူတို့စီနီယာ၏ အထာတွေ ကို နှပ်နေကြသူများပီပီ.. တစ်ယောက်ပြီး တစ်ယောက် လွှားကနည်း ခုန်ဆင်းလာကြသည်။ မီးသတ်ပိုက်ကို ပြေးဖြုတ်လိုက်ရင်း ရေလွှတ်ပိုက်နှင့် အမိအရ သူရ ချိတ်ဆက်နေချိန်မှာ နောက်ထပ် မီးသတ်ပိုက်ခေါင်းနှင့် ပိုက်တစ်ချောင်းကို သီဟက ဖြေယူပြီး မီးလောင်ရာသို့ အကူ ရဲဘော်တစ်ယောက်နှင့်အတူ ပြေးဝင်သွားသည်။ နောက်ထပ် ရဲဘော်တစ်ယောက်ကတော့ မီးသတ်ပိုက်ကို အမြန်ဆက်နေသည်။
သီဟ မီးလောင်ပြင်နှင့်ကပ်သွားတော့ ကိုသိန်းထိုက်လဲ ကားကို မီးလောင်ရာနှင့် မျက်နှာချင်းဆိုင် ဦးတိုက်ထားလိုက်သည်။ ပြီးတော့ သူတို့ရဲ့ တိုက်ပွဲဝင်လက်တွေက အချိုးကျစွာ လှုပ်ရှားသွားကြသည်လေ။ ကားဦးခေါင်းက မီးသတ်အမြောက်ကနေ တပ်သားတစ်ဦးက တာဝန်ယူ မီးသတ်နေချိန်မှာ သီဟကတော့ သူ့ဝသီအတိုင်း ဝင်လမ်းကို ရှင်းဖို့ မီးသတ်ပိုက်ဖြင့် စိတ်တိုင်းကျ မီးငြိမ်းသတ်နေသည်။
သူရလဲ ရေတိုင်ကီနားမှ အခွာ.. နှာခေါင်းအတွင်းသို့ တိုးဝင်လာသော အနံ့တစ်ခုကြောင့် ခေါင်းဆတ်ကနဲထောင်သွားရသည်။ ပါးစပ်မှလဲ..
“သီဟ.. နောက်ပြန်ဆုတ်.. သီဟနောက်ပြန်ဆုတ်..။ ကိုသိန်းထိုက် နောက်ကို ပြန်ဆုတ် ချက်ချင်း...”
သူ့အော်သံကို ကြား၍ သီဟ နောက်ပြန် လှည့်ကြည့်လာတာကို တွေ့လိုက်ရသည်။ သူရ ထပ်အော်ဖို့ ရှေ့သို့ပြေးအထွက်..
“အုန်း.....”
နားကွဲမတတ် ကျယ်လောင်လွန်းသော မြည်ဟီးသံနှင့်အတူ မီးတောက်တွေ သီဟတို့ကို ဝါးမြိုသွားတာကို တွေ့လိုက်ရသည်။ သူကိုယ်တိုင်လဲ ပေါက်ကွဲမှု အရှိန်ကြောင့် နောက်ကို လွင့်ထွက်သွားရသည်လေ။ မျက်စိထဲမှာလဲ ကြယ်တွေလတွေ မြင်လိုက်ရသည်။ သူရ အားယူရင်း ခေါင်းထောင်ကြည့်လိုက်တော့.. မီးတောက်တွေကြားမှ အားယူရင်း ထဖို့ ကြိုးစားနေသော သီဟကို ဝိုးတဝါးမြင်လိုက်ရသည်။ ဒါကြောင့်မို့လဲ
“သီဟ................။ ငါလာပြီ..”
အားယူပြီး သူရ ကုန်းရုန်းထလိုက်သည်။ ထိုစဉ်မှာပဲ...
“အုန်း... အုန်း...”
နှစ်ဆင့်ဆက်တိုက် ပေါက်ကွဲသံကြီးနှင့်အတူ လေးဘက်ထောက် ထနေသော သူရမှာ နောက်ကို ထပ်မံ လွှင့်စင်သွားရပြီး လောကတစ်ခုလုံး အမှောင်အတိကျသွားရသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကိုယ်ပေါ်သို့ ရေများကျလာသလို ခံစားရပြီး စိုစွတ်အေးမြသော အထိအတွေ့ကြောင့် သူရ သတိပြန်လည်လာသည်။ ကိုယ့်ကိုယ်ကို ဘာဖြစ်သွားမှန်း ခန ပြန်ပြီး စဉ်းစားနေရသည်။ ထို့နောက် ရုတ်တရက် သတိရလိုက်သည်မှာ သီဟ၊ ကိုသိန်းထိုက်နှင့် သွေးသောက်ရဲဘော်များ..။ အားယူရင်း ထဖို့ ကြိုးစားတော့ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်နေပြီး လှုပ်ရှား၍ မရ..။ နှုတ်ဖျားမှ အသံသဲ့သဲ့လေးသာ ထွက်နိုင်သည်။ နားနှစ်ဖက်လုံးမှာလဲ ကန်းသွားပြီလား ထင်ရအောင် အူနေသည်လေ..။ မဖွင့်နိုင်ဖွင့်နိုင် အားယူဖွင့်ကြည့်လိုက်သော မျက်လုံးမှာ မြင်လိုက်ရတာကတော့ လှုပ်ရှားနေသော လူရိပ်တွေနဲ့.. ဟုန်းဟုန်းတောက်လောင်နေသော မီးတောက်ကြီး..။
အားယူရင်း တစ်ဘက်ကို စောင်းဖို့ ကြိုးစားလိုက်တော့ သူ့ခြေရင်းဘက်မှာ လူတစ်ယောက်လိုလို လဲနေတာကို လှမ်းမြင်လိုက်ရသည်။ မူးဝေနေပေမယ့်၊ အမြင်တွေ ဝေဝါးနေပေမယ့် တွဲရက်ရှိနေသော ခမောက်မှ အမှတ်အသားတစ်ခုကို သေချာ လှမ်းတွေ့လိုက်ရသည်။ ဒါ .. သီဟပဲ...
“သီ..... ဟ......”
နှုတ်ဖျားက အသံတိုးတိုးက ဘေးနားမှာ ရှုပ်ယှက်ခတ်အောင် သွားလာနေသော သူများထဲမှ တစ်ယောက်ကို ဆွဲဆောင်မိသွားသည်ထင်ပါ့..။
“ဟာ.. ဟေ့ဟေ့.. ဒီနားမှာ ရဲဘော်တစ်ယောက် အသက်ရှင်လျှက်ရှိသေးတယ်.။ ဟာ... သူရပဲ...။ ဟာ.. ဒီမှာ သီဟကိုလဲတွေ့တယ်..။ ဟာ. သီဟ သီဟ..”
ရှုပ်ပွခတ်နေအောင် ဆူညံသွားသော စကားသံကြားထဲမှာ သူ့ကို တစ်ယောက်ယောက်က ဆွဲ ယူမလိုက်တာကို သူရသိလိုက်သည်။ နာကျင်မှုက အသည်းခိုက်နေပြီမို့ လူက ထုံနေသလိုဖြစ်နေပြီလေ..။ အားယူကြည့်လိုက်တော့ အမြဲတမ်းနောက်ကျမှ ရောက်တတ်တဲ့ သူတို့ဌာနခွဲက ကားသမား ကိုအုန်းကျော်..။
“ကိုအုန်းကျော်... သီဟရော..။ ကိုသိန်းထိုက်ရော....”
မျက်ရည်တွေ စီးကျလာတဲ့ ကိုအုန်းကျော်ရဲ့ အဖြေစကားက..
“ငါတောင်းပန်ပါတယ်.. သူရရာ..။ ငါ နောက်မကျရင် သီဟကို ငါ ကယ်လိုက်နိုင်မှာပါ..။ အခု ကိုသိန်းထိုက်ရော ကိုသီဟရော.. ကျန်တဲ့ ရဲဘော်လေးယောက်ရော ငါမကယ်လိုက်နိုင်ဘူး..။ ငါ့ကို ခွင့်မလွှတ်ပါနဲ့... အီး.. ဟီး... ဟီး.”
သူ့ကို ပွေ့လျှက်သားနဲ့ ငိုကြွေးနေတဲ့ ကိုအုန်းကျော်ကို ကြည့်ရင်း သူရခေါင်းတို့ ချာချာလည်ထွက်သွားရသည်။ ဒါဆိုရင် သီဟ... ကိုသိန်းထိုက်... မရှိတော့ဘူးပေါ့...။
ဘယ်သူကများ ကိုသိန်းထိုက်၏သားကို ဆေးခန်းပို့ပေးမှာလဲ..။ ဘယ်သူကများ သီဟရဲ့ သမီး သုံးနှစ်ပြည့်ကို လုပ်ပေးနိုင်တော့မှာလဲ..။ စုပြုံဝင်လာတဲ့ အတွေးတွေနဲ့အတူ ရင်ထဲက နာကျင်လာသောနှလုံးသားက ပြင်ပ ခန္ဓာကိုယ် ဒဏ်ရာတွေကို ဖုံးလွှမ်းသွားပြီး သူရတစ်ယောက် လောကနှင့် အဆက်အသွယ်ပြတ်သွားခဲ့ရတော့သည်လေ..။
ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ အမှတ်မထင် အသက်ကို ပေးလှူလိုက်ရတဲ့ မီးသတ်ရဲဘော်တွေအတွက် အမှတ်တရ ဦးညွှတ်ရေးဖွဲ့သည်။ ရဲဘော်များနှင့်တကွ အသက်ဆုံးရှုံးသွားသူ၊ ဒဏ်ရာရသွားသူ၊ အိုးအိမ်ဆုံးရှုံးသွားသူအားလုံး ဘေးဘယာဝေးကွာပြီး စိတ်အေးချမ်းသာ ရှိကြပါစေ..။
အားလုံးကို လေးစားလျှက်.
စိုင်းမွန်း
၂၉၊ ၁၂၊ ၂၀၁၁

0 comments:
Post a Comment