ရန်ကုန် ယူနိုက်တက် အသင်းသည် ယခုလ ၂၂ ရက်နေ့တွင် လာမည့် ရာသီအတွက် ကြံ့ခိုင်မှုဆိုင်ရာ လေ့ကျင့်ခန်းများ သွားရောက်ပြုလုပ်ရာ နေရာဖြစ်သည့် ငွေဆောင်ကမ်းခြေမှ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။ ထို့နောက် ရန်ကုန် ယူနိုက်တက် အသင်းသည် ယခုလ ၂၃ ရက်နေ့ နံနက်ပိုင်းမှ စ၍ လှိုင်မြို့နယ်ရှိ Yangon United Sports Complex (YUSC) တွင် အသင်း၏ ပုံမှန် လေ့ကျင့်ခန်းများကို ပြန်လည် ပြုလုပ်နေပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့ တွင် မကွေးအသင်းနှင့် ရာသီကြို ခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ယူနိုက်တက် အသင်း နည်းပြချုပ် အဲရစ်ဝီလျံက ၎င်းတို့အသင်း ငွေဆောင် ကမ်းခြေတွင် ကြံ့ခိုင်မှု လေ့ကျင့်ခန်းများကို ပြုလုပ်ရခြင်းနှင့်ပတ်သက်၍
“မနှစ်ကလည်း ငွေဆောင်ကို လာပြီး အခုလိုပဲ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေကို ပြုလုပ်ခဲ့ပါတယ်။ ဘောလုံး ရာသီ မစခင်မှာ အခုလိုမျိုး ခရီးထွက်ပြီး စခန်းသွင်း လေ့ကျင့် ရတာကတော့ ကစားသမားတွေ တစ်ဦးနဲ့တစ်ဦး ပိုပြီး ခင်မင် ရင်းနှီး စေဖို့နဲ့ စိတ်လက် ကြည်သာစွာ လေ့ကျင့်နိုင်ဖို့ အတွက် ရည်ရွယ်ပါတယ်။ မနှစ်က စခန်းသွင်း လေ့ကျင့်ခဲ့တဲ့ အကျိုးကြောင့် တစ်ရာသီလုံးကို ကြံ့ခိုင်မှု အပြည့်နဲ့ ဖြတ်သန်း နိုင်ခဲ့ပြီး ချန်ပီယံ ဖလား နှစ်လုံး ရခဲ့ပါတယ်။ အခုနှစ်မှာတော့ ကိုယ်က လက်ရှိ ချန်ပီယံ ဖြစ်တဲ့ အပြင် အာရှ ထိပ်သီး အသင်းတွေ ပါဝင်တဲ့ AFC Cup ကိုလည်း ယှဉ်ပြိုင် ရမှာဖြစ်တဲ့ အတွက် လေ့ကျင့်ခန်းတွေကို ပိုပြီး ပြင်းပြင်း ထန်ထန် ပြုလုပ်ခဲ့ ပါတယ်…” ဟု ပြောကြားခဲ့ကြောင်း အသင်းမှ သတင်းများအရသိရသည်။ ဆက်လက်ပြီး အသင်းမှ ကစားသမားများအနေဖြင့် ရည်ရွယ်ချက် အပြည့်ဖြင့် ကြိုးစား လေ့ကျင့် စေလိုကြောင်းကို “ကစားသမားတွေ အနေနဲ့ ကိုယ်ဘာကို ဦးတည်တယ်၊ ဘာကို လုပ်ချင်တယ် ဆိုတဲ့ ရည်ရွယ်ချက် ရှိဖို့လိုတယ်။ ဒီကိုလာတာ ပြင်းပြင်းထန်ထန် လေ့ကျင့်ချင်လို့ပါ။ ဘောလုံးသမားဘဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကိုယ်ရဲ့ ရပ်တည်မှု အောင်မြင်မှု ရဖို့ အတွက် ကိုယ်ဘာသာ လုပ်မှရမယ်။ မနှစ်ကလို ချန်ပီယံ ဖြစ်ချင်တယ် ဆိုရင် ကစားသမား တစ်ဦးချင်းစီက အရင်ကထက် ပိုတဲ့ ကြံ့ခိုင်မှု၊ ကြိုးစား အားထုတ်မှုနဲ့ မိမိမှာ ရှိတဲ့ အကောင်းဆုံး အရည်အသွေးတွေ ထုတ်ပြရပါ လိမ့်မယ်။ အောင်မြင်ချင်တယ် ဆိုရင် ကြိုးစားမှ ရပါလိမ့်မယ်….” ဟု နည်းပြချုပ် အဲရစ်ဝီလျံက အသင်းမှ ကစားသမားများကို ပြောကြားခဲ့သည်။
Ref : Sport News
0 comments:
Post a Comment