ဒီနှစ်သစ် ဇန်ဝါရီလ ၂ ရက်နေ့ ညနေ ၄ နာရီမှာ သမ္မတဦးသိန်းစိန်အမိန့်နဲ့ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာလိုက်ပါတယ်။
ဒါပေမယ့် ဒီလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဟာ စစ်မှန်တဲ့ လွတ်ငြိမ်းချမ်သာခွင့်မဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသားအတော်များများလွတ်ဖို့ အလားအလာ နည်းနေတယ်လို့ ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။
၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို နိုင်ငံပိုင် ရုပ်သံလိုင်းနဲ့ ရေဒီယိုတွေက ဇန်နဝါရီလ ၂ ရက်ညနေ ၄ နာရီမှာ ကြေညာသွားခဲ့ပါတယ်။
လွတ်ငြိမ်း ချမ်းသာခွင့်အရ သေဒဏ်ချမှတ်ခံရသူတွေကို ထောင်ဒဏ်တသက်၊ ထောင်ဒဏ်တသက် အထိ မဟုတ်ဘဲ နှစ် ၃ဝ အထက် ကျခံနေရတွေကို နှစ် ၃ဝ၊ နှစ် ၂ဝ ကနေ နှစ် ၃ဝ အထိ ကျခံနေရသူတွေကို နှစ် ၂ဝ၊ နှစ် ၂ဝ အောက် ကျခံနေရသူတွေကို ချမှတ်ထားတဲ့ ထောင်ဒဏ်ရဲ့ လေးပုံတပုံ အသီးသီး လျှော့ပေါ့လိုက်ကြောင်း ကြေညာသွားခဲ့ပါတယ်။
ဒီလွတ်ငြိမ်း ချမ်းသာမိန့်နဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကတော့ ဒီအမိန့်ဟာ နိုင်ငံရေးအကျဉ်းသားတွေအတွက် သတ်မှတ်ထုတ်ပြန်တဲ့ အမိန့်မဟုတ်ဘူးလို့ ပြောပါတယ်။
“နိုင်ငံရေး အကျဉ်းသားတွေအတွက် သတ်မှတ်ပြီး ထုတ်ပြန်တဲ့အမိန့်မဟုတ်ဘူး။ နောက်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာထက် ပြစ်ဒဏ်လျှော့ပေါ့တဲ့ အမိန့်ပဲလေ။ အဲတော့ လွတ်တာတော့ ဘယ်သူလွတ်လွတ် အန်ကယ်တို့က ဝမ်းသာတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ အထူးသဖြင့် လွတ်စေချင်တယ်။”
ဒီလွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ဟာ ကစားကွက်တခုသာဖြစ်ပြီး အစိုးရအနေနဲ့ ရိုးသားမှု မရှိဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က နိုင်ငံရေးအကျဉ်းသူဟောင်း မဇင်မာအောင်က ပြောပါတယ်။
“ကျမတို့အား လုံး ဖြစ်စေချင်တာတွေက နိုင်ငံရေးအကျဉ်းသား လွှတ်ခြင်းကိစ္စနဲ့ ဒီမိုကရေစီအသွင်ပြောင်းလဲရေးကိစ္စတွေဟာ အင်မတန်အရေးကြီးတဲ့ ဆက်စပ်မှုတခုလို့ ကျမတို့ကမြင်တယ်။ ဒါကြောင့်မို့လည်း တကယ့် ဒီမိုကရက်တစ် အပြောင်းအလဲမှာ ပါနိုင်တဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် တခြားသော နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးကို လွှတ်ပေးဖို့၊ လွှတ်ပေးမယ်လို့လည်း မျှော်လင့်ထားကြတယ်။ ဒါပေမယ့် အဲ့လို မျှော်လင့်ထားပြီး ဖြစ်မလာဘူး။ ကစားကွက်တခုလို လုပ်နေတယ်လို့ မြင်တယ်။ ကျားကစားသလိုပဲဖြစ်ဖြစ်၊ စစ်တုရင်ကစားသလိုပဲဖြစ်ဖြစ် ထိုးကျွေးလိုက်။ စားလိုက် တကွက်တက်ဖို့လုပ်လိုက် အဲလိုမျိုးပုံစံပဲ မြင်တယ်။”
လာမယ့် ၁၂ ရက်နေ့မှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး သွားရောက် ဆွေးနွေးဖို့ရှိတဲ့ ကရင်အမျိုးသားအစည်းအရုံးကတော့ ဒီအစိုးရကို ယုံကြည်တယ်၊ မယုံဘူးဆိုတာကို ပြောဖို့ အချိန်စောသေးတယ်လို့ ကေအန်ယူ ငြိမ်းချမ်းရေးကော်မတီ အတွင်းရေးမှူး ပဒို ဒေးဗစ်ထောက ပြောပါတယ်။
“အခုဖြစ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်က သူတို့ရည်ရွယ်ချက်က တခုခုဖြစ်မယ်လို့ အဲလိုခန့်မှန်းတယ်။ ဘာလို့လဲဆိုတော့ ဝန်ကြီးဦးအောင်မင်း ပြောသွားတဲ့ ဒီအကျဉ်းသားတွေ လွတ်မယ်ဆိုတဲ့ကိစ္စက ကျနော်တို့ အချိန်နည်းနည်း စောင့်ကြည့်ဖို့လိုတယ်။ ဇန်နဝါရီ ၄ ရက်ဆိုတော့လည်း ရက်က သိပ်မလိုတော့ဘူး။ အဲဒီမှာ ဘယ်သူတွေပါမလဲ။ နောက် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဘယ်သူတွေပါမလဲ။ ဒါက နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်မယ်လို့ပဲ ကျနော်တို့ယုံကြည်တယ်။ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး လျှော့ပေးတာ၊ လွှတ်ပေးတာတွေက တသီးတခြားများ ဖြစ်နေမလားဆိုတာ စောင့်ကြည့်ဖို့တော့ လိုအပ်မယ်လို့ ထင်ပါတယ်။ အခုဒီလိုဖြစ်လာတဲ့ အနေအထားပေါ်မှာ မယုံဘူး၊ ယုံတယ်ပြောနေတာကတော့ နည်းနည်းစောပါသေးတယ်။”
အခုတစ်ခေါက် လွတ်ငြိမ်းချမ်းသာခွင့် ပေးတာဟာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ပထမတကြိမ် ၂၀၁၁ ခု မေလတုန်းက အကျဉ်းသား ၁၄,၀၀၀ ကျော်နဲ့ ဒုတိယ တခေါက် ၂၀၁၁ အောက်တိုဘာလမှာ အကျဉ်းသား ၆,၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပါတယ်။
0 comments:
Post a Comment