Monday, 2 January 2012

နိုင်ငံရေး အကျဉ်းသား ဖြစ်ပါတယ်

personhall7

မြန်မာတနိုင်ငံလုံးမှာမှ အကျဉ်းထောင် ၄၂ ထောင်ရှိတာ နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို အစိုးရနဲ့ အတိုက်အခံတွေ ကိုယ်စီကိုးကားချက် ကွာလွန်းနေတာဟာ အံ့သြစရာပါပဲ။

ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်နေပါတယ် ဆိုတာကို လက်တွေ့ပြဖို့ လိုနေတဲ့အချိန် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်
နောက်မှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ သက်ဆိုင်ရာမိသားစုတွေ၊ ဆွေမျိုး မိတ်သင်္ဂဟတွေအတွက် ရတတ်မအေး ဖွယ်ကတော့ အရေအတွက် ကွာဟနေတဲ့ ကိစ္စပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)နဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့တွေရဲ့ စာရင်းအရ မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၂ဝဝ ကျော် ပါ, ပါဝင်ရင် နိုင်ငံရေးအကျဉ်းသား ၂,ဝဝဝ ကျော်ရှိတယ်လို့ ဆိုနေချိန်မှာ သမ္မတအကြံပေး ဦးကိုကိုလှိုင် က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၆၀၀ ဝန်းကျင်ပဲ ရှိတယ်လို့ ဆိုလာပြန်ပါတယ်။ ဦးကိုကိုလှိုင် ပြောသလို သာ ဆိုရင် နောက်တသုတ်၊ နှစ်သုတ်လောက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား လွှတ်ပေးလိုက်ရင် မြန်မာပြည် မှာ နိုင်ငံရေးအကျဉ်းသား မရှိတော့ဘူးဆိုတဲ့ သဘော ဖြစ်နေပါတယ်။
personhall14
၂၃ နှစ်လုံးတောက်လျောက် နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိဘူး၊ တည်ဆဲ ဥပဒေ ချိုးဖောက်တဲ့ သူတွေသာ ရှိတယ်လို့ အစိုးရက ငြင်းဆိုခဲ့ပါတယ်။ များမကြာလှတဲ့ ကာလကစတင်လို့ အတိုက်အခံ တချို့က အသုံးအနှုန်း တခုကို အစားထိုး ခေါ်ဆောင်လာခဲ့တာကတော့ "ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ" ဆိုတာပဲဖြစ်ပါတယ်။

အစိုးရကလည်း တရားဝင်သုံးစွဲခြင်းမပြုပေမယ့် စာနယ်ဇင်းတွေမှာတောင် ဒီအသုံးအနှုန်းက တွင်ကျယ်လာခဲ့ပါ တယ်။ တမင်ရည်ရွယ်လို့ သော်လည်းကောင်း၊ တိုက်ဆိုင်မှုအရပဲဖြစ်ဖြစ် နောက်ဆက်တွဲ ပါလာတာကတော့ "ယုံကြည်ချက်
ကြောင့် အကျဉ်းကျနေသူ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကြမ်းမဖက်ဘဲ ဆန္ဒထုတ်ဖော်မှု အမျိုးမျိုး လုပ်သူကိုပဲ ရည်ညွှန်းတာဖြစ်ပါတယ်။

မေးခွန်းထုတ်စရာ မလိုတော့တာက ရာဇဝတ်ပြစ်မှုတွေနဲ့ ပုဒ်မတပ် ထောင်ချ ခံထားခဲ့ရသူတွေ၊ လက်နက်ကိုင် တိုက်ပွဲဝင်၊ နယ်ခြားတဘက်မှာရှိနေတဲ့ အတိုက်အခံ နိုင်ငံရေး အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်မှုတွေ စသဖြင့် စသဖြင့် များလှစွာသော ပုဒ်မတွေနဲ့ စွဲချက်တင် ထောင်ချခံထားတဲ့ အစိုးရနဲ့ သဘောထား ကွဲလွဲတဲ့သူတွေဟာ ထောင်ထဲမှာ
ပြစ်ဒဏ်သက်စေ့အောင် နေရဦးမယ့်အဖြစ်ပါ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် လက်နက်ဆွဲကိုင် တော်လှန်ခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဝင်တွေဟာ လျစ်လျူရှုခံရမယ့် အနေအထားဖြစ်နေတာ လည်း စိုးရိမ်စရာပါပဲ။

သံလျင် ရေနံချက် စက်ရုံကို ဗုံးခွဲ တိုက်ခိုက်ပါတယ်ဆိုပြီး ထောင်ထဲမှာ ၂၃ နှစ် နေခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုညီညီဦးလို အမှုသည်တွေလည်း ဘယ်လောက် ရှိနေခဲ့လဲဆိုတာ မသိနိုင်ပြန်ပါဘူး။ တကယ်တမ်း ဗုံးခွဲတဲ့ လက်သည် ပေါ်တာတောင်မှ ဆက်လက် ချုပ်နှောင်ဖို့ အစိုးရက ဝန်လေးခဲ့တာ မဟုတ်ပါဘူး။ စစ်ကြောရေး စခန်းတွေမှာ နှိပ်စက်ညှင်းပန်းပြီး ဝန်ခံစေတယ်ဆိုတဲ့ ကာယကံရှင်တွေနဲ့ အမှုလိုက်ရှေ့နေတွေရဲ့ တိုင်းတန်းချက်
တွေလည်း အလေးထားစရာပါ။

နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်ပေးဘဲနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို သွားနေပါတယ်လို့ ပြောလို့ မရ
နိုင်ပါဘူး။ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို တည်ဆောက်နေပါပြီ။  ရွေးကောက်ခံ အရပ်သားအစိုးရ ဖြစ်လာပြီမို့ အရင် စစ်အစိုးရလို မဟုတ်တော့ပါဘူး၊ ပြောင်းလဲသွားပါပြီလို့ ဆိုတာတွေနဲ့ ထောင်အုတ်ရိုးနောက်က အဖြစ်ပျက်
တွေဟာ ဝိရောဓိ ဖြစ်ကောင်းနေဆဲပါပဲ။
ဒီလိုအခြေအနေမှာ  နိုင်ငံရေး အကျဉ်းသား ဆိုတာလည်း မရှိသလို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူများ ဆိုတဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ပြောစကားက ပိုမိုရှုပ်ထွေးမှုကို ဖြစ်စေပါတယ်။ ဒါ့အပြင် အစိုးရထဲမှာလည်း ဒီကိစ္စကို  ဘယ်လို သဘောထားရမယ် ဆိုတာ တိတိကျကျ မရှိဘဲ ဟိုကွေ့ရောက် ဟိုတက်နဲ့
လှော်၊ ဒီကွေ့ရောက် ဒီတက်နဲ့လှော် လုပ်နေတာကို ဖော်ညွှန်းနေသလိုပါ။

လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်း စစ်တပ်အမတ်တွေ ကတောင် အမျိုးသား ဒီမိုကရေစီ ပါတီသစ် ပါတီသစ်က လွှတ်တော်အမတ် ဦးသိန်းညွန့်တင်သွင်းခဲ့တဲ့ "ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် သမ္မတမှ ထုတ်ပြန်ပေးရေး" ဆိုတာကို သဘောတူခဲ့တာပါ။

တကယ်တမ်းမှာ နိုင်ငံရေး အကျဉ်းသား ဆိုတာကို အစိုးရက အသေအချာကို ခွဲခြား သတ်မှတ်ထားတာပါ။ ထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားဆိုရင် သာမန် အကျဉ်းသားတွေလို ထောင်ဒဏ်လျှော့ရက် ခံစားခွင့်မပေးတာ ၁၉၉၇ ခုနှစ်ကတည်းကနေ အခုထက်ထိ ဆက်ကျင့်သုံးနေဆဲပါပဲ။ အာဏာပိုင်တွေက ထောင်တွေမှာ နိုင်ငံရေး အကျဉ်းသား တဦးချင်း လိုက်လံ တွေ့ဆုံပြီး နိုင်ငံရေး သဘောထား စနည်းနာတာ၊ ကတိခံဝန်ချက်ကို လက်မှတ်
ရေးထိုးမှ လွှတ်ပေးမယ်ဆိုတာမျိုးနဲ့ ဆွယ်လေ့ရှိတာလည်း ရှိခဲ့တာပါပဲ။

လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေအရဆိုရင် သမ္မတဟာ အကျဉ်းသားတွေရဲ့ ပြစ်ဒဏ် လျော့ပေါ့မှုကို လုပ်ပေးခွင့်ရှိပြီး အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အတွက်ဆိုရင်တော့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီရဲ့ ထောက်ခံ ချက် လိုအပ်ပါတယ်။ သမ္မတဟာ "မြန်မာနိုင်ငံတဝှမ်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ် နေရာရရှိ သည်။" ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ စကားရပ်ရှိပေမယ့် ဒီကိစ္စမှာလည်း ကာကွယ်ရေး ဦးစီးချုပ် ခန့်ထားရေး ကိစ္စလို၊ အရေးပေါ်ကာလ ပြဋ္ဌာန်းတာမျိုးတွေလို အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ လွှမ်းမိုးမှုက အခရာ ဖြစ်ပါတယ်။

သမ္မတအပါအဝင် အဖွဲ့ဝင် (၁၁) ဦးရှိတဲ့ "နိုင်လုံ"ဟာ နိုင်ငံ့ဦးသျှောင်အဖွဲ့ကြီးဖြစ်ပြီး သမ္မတထက်တောင် အာဏာစက်ပြင်းနေပါသေးတယ်။ အထက်လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပြောသလို အစိုးရထဲမှာ သဘောထား ပျော့ပြောင်း တယ်။ တင်းမာတယ် ပဋိပက္ခဖြစ်တယ်ဆိုတာ မဟုတ်ဘဲ Collective decision ရှိတယ်ဆိုတာ "ကာလုံ" ရဲ့  နိုင်ငံရေး အကျဉ်းသားလွှတ်ပေးရေး ဆုံးဖြတ်ချက်ကို ပြောနေသလိုပဲ။

အောက်တိုဘာ ၂ဝ ရက်နေ့က လွှတ်ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရဲ့ အခြေခံမူကတော့ သာမန် အကျဉ်းသား၊နိုင်ငံရေး အကျဉ်းသားရယ်လို့ မခွဲရေးကို အခြေခံအားဖြင့် ဆက်လက် ကိုင်ထားတယ်။ နှစ်ရှည်ထောင်ဒဏ် ကျခံရ သူတွေဖြစ်ပြီး ထက်ဝက်ကျော် ပြစ်ဒဏ်ကျခံပြီးသူတွေကို လွှတ်ပေးပါတယ်။ "အသက်အရွယ် ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူများ" လည်း လွှတ်ပေးမယ်လို့ ပါဝင်ပေမယ့် တကယ်တမ်း မှာ ကျန်းမာရေးမကောင်းတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရစ်သူတွေ ကျန်နေဆဲပါပဲ။

အဲသလိုမူနဲ့ မကိုက်ပေမယ့်လည်း ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသား တချို့ကိုတော့ ရောလွှတ်ပါတယ်။ ဘယ်သူ့ကို ထည့်လွှတ်မယ်ဆိုတာမှာ သက်ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားရဲ့ ကိုယ်ရေးရာဇဝင်က အစ၊ နိုင်ငံရေး ယုံကြည်ချက် အဆုံး "ကာလုံ"ထဲမှာ လေ့လာပြီး လုပ်ဆောင်ခဲ့ဟန် ရှိပါတယ်။

အကြောင်း အမျိုးမျိုးနဲ့ ဆန့်ကျင်လို့ ဖမ်းဆီးထားသူတွေ အားလုံးကို လွှတ်ပေးဖို့ လိုပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ဗန်းပြပြီး နိုင်ငံရေးညှိနှိုင်းဖို့ ကြိုးစားတာထက် ပွင့်လင်းမြင်သာပြီး တာဝန်ခံတဲ့ ပြုပြင်ပြောင်းလဲမှုကို သွားမှ သာ အစစ်အမှန် ပြုပြင်ပြောင်းလဲမှုလို့ ပြည်သူအများက လက်ခံလာမှာဖြစ်ပါတယ်။

ဒီနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလိုက်ရင် ဆူပူလှုပ်ရှားမှု ဖြစ်လာလိမ့်မယ်ဆိုတာဟာ အဓိပ္ပါယ်မဲ့ အကြောင်းပြ ချက်ဖြစ်ပြီး လူထုဆန္ဒပြတယ်ဆိုတာ အစိုးရရဲ့ မတရားဖိနှိပ်ချုပ်ခြယ်မှု၊ လူထုရဲ့ အစိုးရအပေါ်မှာ အယုံအကြည် ကင်းမဲ့၊ မျှော်လင့်ချက်မဲ့မှုတွေသာ အရင်းခံဖြစ်တယ်ဆိုတာကိုလည်း နားလည်ဖို့လိုပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါပြီဆိုတဲ့ အစိုးရဟာ ကိုယ်တိုင်ယုံကြည်မှုများ ကင်းမဲ့နေခြင်းလားဆိုတာ ဆန်းစစ်ဖို့လိုလည်း လိုနေပါ တယ်။

မဇ္ဈိမသတင်းဌာန
http://www.mizzimaburmese.com/edop/editorial/8546-2011-10-27-12-40-26.html

0 comments:

Post a Comment