Wednesday, 11 January 2012

ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်ပိုင်မဲတစ်ပြားဖြင့် ကိုယ်လိုချင်သော အစိုးရပုံစံကို ဖော်ထုတ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆို

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် ကိုယ်ပိုင်ဆိုင်သော မဲတစ်ပြားကို ထိန်းသိမ်းရန်လိုအပ်ကြောင်းနှင့် ကိုယ်ပိုင်မဲဖြင့် ကိုယ်လိုချင်သော အစိုးရတစ်ရပ်ကို ဖန်တီးရမည်ဖြစ်ကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဗဟန်းမြို့နယ် ဆိုင်းဘုတ်တင်ပွဲတွင် ပြည်သူများအား ပြောကြားခဲ့သည်။




“ရွေးကောက်ပွဲမှာ မဲထည့်နိုင်တဲ့ လူတွေက မိမိတို့ရဲ့ လုပ်ပိုင်ခွင့်ကို ကိုယ်သုံးမှ လုပ်ပိုင်ခွင့်ကို ထိန်းသိမ်းထားနိုင်မှာပါ အဲ့တော့ ကျွန်မတို့ပြည်သူတွေက မဲပြားတွေနဲ့ ကိုယ်လိုချင်တဲ့ အစိုးရတစ်ခု ဖြစ်လာအောင် လုပ်ရပါလိမ့်မယ်” ဟုလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။



ဗဟန်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခွဲ ဖွင့်လှစ်ခြင်းကို ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁၁ရက်နေ့တွင် ဦးချစ်မောင်လမ်း ဆရာစံရပ်ကွက်တွင် အန်အယ်လ်ဒီခေါင်ဆောင် ဦးတင်ဦး ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်တို့မှ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။



အဆိုပါ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူများယခုအချိန်တွင် ခံစားနေရသော စားဝတ်နေရေး ဆင်းရဲမှုများအတွက် အားမငယ်ကြစေကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်သည် ထိုဆင်းရဲခြင်းကို ပပျောက်အောင် နိုင်ငံရေးလုပ်နေရခြင်းဖြစ်ကြောင်း နှင့် အနာဂတ်ကိုပြောင်းလဲရန် ပြည်သူများပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်းကို ပြောကြားခဲ့သည်။



“တစ်ချို့ပြည်သူတွေက ပြောတယ် အရင်ကလည်းဆင်းရဲတာပဲ အခုလဲဆင်းရဲတာပဲ နောင်လဲဆင်းရဲမှာပဲတဲ့ ဒါကိုတော့ ကျွန်မလက်မခံပါဘူး အရင်ကဆင်းရဲတာကတော့ ဟုတ်ပြီး အခုလဲဆင်းရဲတယ်ဆိုတာဖြစ်နိုင်တယ် ဒါတွေကို ပြောင်းဖို့အတွက် ကျွန်မတို့က နိုင်ငံရေးလုပ်နေတာပါ အနာဂတ်ကို ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင် ပုံသွင်းဖို့အတွက် ကျွန်မတို့ နိုင်ငံရေးလုပ်နေတာဖြစ်ပါတယ်။ ကိုယ်မပါပဲနဲ့ ကိုယ်လိုချင်တဲ့ ပုံစံဖြစ်ချင်တယ် ဆိုရင်တော့ ဒါလက်တွေ့မကျဘူးပေါ့ ဒါကြောင့် ကျွန်မတို့ပြည်သူတွေကို တတ်နိုင်သမျှ ပါဝင်ပြီးတော့ ကိုယ်လိုချင်တဲ့ ပုံစံဖြစ်အောင်လို့ ကူညီပေးကြပါလို့ ကျွန်မက မေတ္တာရပ်ခံချင်ပါတယ် “ ဟု အန်အယ်လ်ဒီပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြို့နယ်များတွင် ပါတီရုံးခန်းဖွင့်ရခြင်းသည် ဒေသတစ်ခုတည်း အတွက်မဟုတ်ဘဲ အများကောင်းကျိုးအတွက် ပြည်သူ့တာဝန်ကို ထမ်းဆောင်ရန်အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအနေဖြင့် ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသော မဲဆန္ဒနယ် ၄၈နေရာစလုံးတွင် ၀င်ရောက်အရွေးချယ်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

ဝင့်သင်ဇာကျော်(မြစ်မခ)

0 comments:

Post a Comment