Wednesday, 18 April 2012

ဒေါ်အောင်ဆန်းစုကြည် ဇွန်လတွင် ဗြိတိန်နှင့်နော်ဝေသို့ သွားရောက်လည်ပတ်မည်


ဒေါ်အောင်ဆန်းစုကြည်သည်  ဇွန်လတွင် ဗြိတိန်နှင့် နော်ဝေနိုင်ငံသို့ သွားရောက်လည်ပတ်ရန် စီစဉ်နေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အေအက်ဖ်ပီကို ဧပြီလ ၁၈ ရက်နေ့ က ပြောကြားခဲ့ကြောင်း သိရသည်။

ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထား ရသော ဒေါ်အောင်ဆန်းစုကြည်သည် ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ပြင်ပသို့သွားရောက် လည်ပတ်ရန် စီစဉ်ခြင်းဖြစ်သည်။ ခရီးစဉ်သည် ခုနစ်ရက်ခန့် ကြာမြင့်နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံသို့လည်း သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လတွင် နော်ဝေနိုင်ငံသို့လာရောက် လည်ပတ်မည်ဖြစ်ကြောင်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်သည် ပြီးခဲ့သည့်တစ်ပတ်က မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ် လာရောက်လည်ပတ်စဉ် ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်သို့ ဇွန်လ၌ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်။ ခရီးစဉ် နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ထံမှ တုံ့ပြန်မှုမရရှိသေးကြောင်း ဗြိတိန် နိုင်ငံခြားရေးရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သင်္ကြန်မတိုင်မီက မြန်မာနိုင်ငံကူး လက်မှတ်လျှောက်ထားမှုများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံသည့် အနေဖြင့် အမေရိကန်အပါအ၀င် အနောက်နိုင်ငံများက ပိတ်ဆို့ အရေးယူမှုများကို လျှော့ချပေးနေရာ  အမေရိကန်က ပိတ်ဆို့အရေးယူမှုအချို့ကို လျှော့ချပေးသွားမည်ဖြစ်ကြောင်း ဧပြီလ ၁၇ ရက်နေ့တွင်ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာလုပ်ငန်း များ၊ ဖွံ့ဖြိုးရေးအစီအစဉ်များအတွက် အထောက်အကူဖြစ်စေမည့် အစီအစဉ် များကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အမေရိကန်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ လည်ပတ်နိုင်ရန် ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုအချို့ကို လျှော့ချပေး သွားမည်ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက  ကြေညာခဲ့ သည်။

0 comments:

Post a Comment